
ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ရက္ခိုင့်တပ်တော် (AA) နှင့်ပတ်သက်သည်ဟု စွပ်စွဲချက်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသူ ရှစ်ဦးကို ချုပ်ရက် ရမန်ထပ်ယူခဲ့ကြောင်း အမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးတင်လှိုင်ဦးက ပြောသည်။
အမှုဖွင့်အရေးယူခံထားရသူများအနက် ရဲတပ်ဖွဲ့ဝင်တစ်ဦးပါဝင်ပြီး ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်သည်ဟူသော စွပ်စွဲချက်ဖြင့် ပထမဆုံး အမှုဖွင့်အရေးယူခံရသည့် ရဲတပ်ဖွဲ့ဝင်ဖြစ်သည်။
အဆိုပါလူရှစ်ဦးကို ကျောက်ဖြူအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး AA နှင့်ပတ်သက်ခြင်း၊ AA ကိုထောက်ပံ့ပစ္စည်းပို့ခြင်း စသည့်စွပ်စွဲချက်များဖြင့် အမှုဖွင့်အရေးယူထားသည်။ ပြီးခဲ့သည့် ဩဂုတ် ၄ တွင် ပထမအကြိမ် ရမန်ယူခဲ့ပြီးနောက် ဒုတိယအကြိမ်ရမန်အဖြစ် ချုပ်ရက် ၁၅ ရက် ယူခဲ့ခြင်းဖြစ်သည်ဟု ဦးတင်လှိုင်ဦးက ပြောသည်။
အမှုဖွင့်အရေးယူခံထားရသူများမှာ စနဲမြို့ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ရဲကိုနိုင်၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာမှ ဦးထွန်းထွန်းဝင်းနှင့် မဒေးကျွန်းမှ ညီညီဇော်၊ ၎င်းတို့နှင့်ဆက်စပ်သည့် အလယ်ချောင်းကျေးရွာမှ အခြားသူငါးဦးဖြစ်သည်။
“ပုဒ်မတွေ မသိရသေးဘူး။ ဒီနေ့ တရားစွဲမှာ မဟုတ်တဲ့အတွက်လေ။ ဥပဒေအကြံ မတောင်းရသေး။ ကိုရဲကိုနိုင်ကိုလည်း ဥပဒေအကြံတောင်းထားတုန်း။ သူ ရဲဖြစ်လို့ ၅၀(က)၊ ၅၁(ည)ဆိုပြီး သူက ပြောနိုင်တာ။ ကျန်တဲ့သူတွေကိုတော့ ဘာပုဒ်မတပ်မလဲ မသိရသေးဘူး။ အားလုံး AA နဲ့ ပတ်သက်ဆက်နွှယ်တယ်၊ ပစ္စည်းပို့တယ်ဆိုပြီး ဖမ်းထားတာ” ဟု ဦးတင်လှိုင်ဦးက ပြောသည်။
အသက် ၂၈ အရွယ် ရဲတပ်သား ရဲကိုနိုင်သည် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည်မှာ ရှစ်နှစ်ခန့် ရှိပြီဖြစ်ကာ ဖမ်းဆီးခံရသည်ကို မသိရှိဘဲ ၎င်းတာဝန်ကျရာ စနဲရဲစခန်းသို့ သွားရောက်စုံစမ်းရာမှ ကျောက်ဖြူမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရှိခဲ့ရသည်ဟု ရဲတပ်သား ရဲကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ခင်မေအောင်က ပြောသည်။
ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာမှ ဦးထွန်းထွန်းဝင်းနှင့် မဒေးကျွန်းမှ ညီညီဇော်ကို ဇွန် ၂၄ တွင် တပ်မတော်က ဖမ်းဆီးခြင်းဖြစ်ပြီး ဓားမြှောင်၊ ဓာတ်ခဲများနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်က ဇူလိုင် ၁၅ တွင် သတင်းထုတ်ပြန်ခဲ့သည်။
အလယ်ချောင်းကျေးရွာမှ မောင်ထွန်းဝင်း၊ မောင်မြင့်ထွန်း၊ ဦးဇော်လွင်၊ ဦးမြင့်ဝင်းနှင့် မောင်ချမ်းငြိမ်းတို့ကို ဇူလိုင် ၁၁ တွင် တပ်မတော်က ဆက်လက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုနေ့တွင် ထပ်မံဖမ်းဆီးခံခဲ့ရသူ ဦးစိုးမြင့်ထွန်းဆိုသူမှာ ဇူလိုင် ၁၃ တွင် ကြိုးဆွဲချသေဆုံးခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သော်လည်း မိသားစုဝင်များက လက်မခံပေ။
ရဲတပ်သား ရဲကိုနိုင်မှလွဲပြီး အခြားသူခုနစ်ဦးမှာ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း မျက်လုံးများကို ပိတ်ထားကာ၊ နောက်ပြန်ကြိုးတုပ်ထားပြီး ရိုက်နှက်စစ်ဆေးခဲ့ခြင်းခံခဲ့ရသည်ဟု ဖမ်းဆီးခံရနေရသူများ၏ ပြောပြချက်ကို ကိုးကား၍ ဦးတင်လှိုင်ဦးက ပြောသည်။
“သူတို့ကို စစ်တပ်က ဖမ်းသွားပြီးတော့ မျက်စိကို စည်းတယ်။ နောက်ပြန်ကြိုးတုပ်တယ်။ ပြီးတော့ မအီမြို့ စစ်ဆေးရေးဂိတ်ကို ခေါ်သွားတယ်။ မျက်လုံးဖွင့်လို့ မကြည့်ရလို့ သူတို့လည်း မမြင်ရ။ ထမင်းလည်းမစားရ၊ ဟင်းလည်းမစားရ။ ရေနည်းနည်းသောက်ပြီး ၄ ၊၅ ရက်လောက် နေရတယ်။ ပြီးတော့ တစ်ယောက်ကို တစ်ခန်း၊ ထိတ်တုံးခတ်ပြီး ရိုက်နှက်မေးမြန်းတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် အလယ်ချောင်းကျေးရွာမှ အသက် ၂၀ အရွယ် မောင်ချမ်းငြိမ်းသည် ရွာဘုန်းကြီးကျောင်းတွင် နေထိုင်ကာ ယခုနှစ်တွင် ဆယ်တန်းတက်ရောက်ရန် ပြင်ဆင်နေသူဖြစ်ပြီး AA နှင့် ပတ်သက်ခြင်းမရှိသည့်အတွက် ပြန်လွှတ်ပေးစေချင်သည်ဟု မိခင်ဖြစ်သူ ဒေါ်ခင်မေရီက ပြောသည်။
“အဲဒီနေ့က ခြင်ဆေးခွေကုန်သွားတယ်ဆိုပြီး ဘုန်းကြီးကျောင်းက လာတယ်။ မိုးချုပ်နေပြီး လမ်းမှာလည်း အစစ်အဆေးတွေရှိတယ်၊ မသွားနဲ့ဆိုလို့ အဲဒီနေ့ တစ်ရက် အိမ်မှာအိပ်တယ်။ အထောက်အထားတွေ ရှိပါတယ်။ ဘုန်းကြီးကျောင်းမှာလည်း အထောက်အထားတွေ ရှိပါတယ်။ မိုးလင်းတာနဲ့ သူ့ကိုဖမ်းသွားတာ။ ပြန်လွှတ်ပေးစေချင်တယ်” ဟု ၎င်းက ပြောသည်။
ကျောက်ဖြူမြို့နယ် မင်းရပ်ကျေးရွာအုပ်စု ရေနံဒွိန်ကျေးရွာမှ အမျိုးသမီးသုံးဦးသည်လည်း ပြီးခဲ့သည့်ဇူလိုင်လအတွင်း ဖမ်းဆီးခံရကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည်။
စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ ဇွန်နောက်ဆုံးပတ်ထုတ်ဖော်ပြောဆိုချက်အရ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်ဆက်နွှယ်သည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် တရားစွဲခံထားရသူ ၈၀၀ ကျော်ရှိသည်။