
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီ တွဲဖက်အတွင်းရေးမှူး (၁) အပါအဝင် ၅ ဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားသည်ဟု ALP ပါတီက ယမန်နေ့ (ဩဂုတ် ၁၁) တွင် သတင်းထုတ်ပြန်ထားသည်။
ပုဏ္ဏားကျွန်းမြို့နယ် မြောင်ကြီးရွာတွင် ဩဂုတ် ၁၀ ကပြုလုပ်ခဲ့သည့် ALP ပါတီဝင် ခိုင်သာထွန်းလှ၏ နာရေးမှ အပြန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ALP ပါတီ၏ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) မှ ဗိုလ်မှူးကြီးခိုင်စောမြက ပြောသည်။
ခိုင်အောင်စိုးသန်းမှာ ပုဏ္ဏားကျွန်းမြို့နယ် မြောင်ကြီးရွာရှိ ၎င်း၏နေအိမ်တွင် ပါတီဝင်တစ်ဦးဖြစ်သူ ဗိုလ်ကြီး ခိုင်မျိုးဇံနှင့် အတူရှိနေစဉ် AA အဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ဆေးဘက်ဆိုင်ရာ လူထုအကျိုးပြုလုပ်ငန်းများဆောင်ရွက်နေသည့် ရခိုင်လူထုကျန်းမာရေးလုပ်သားအဖွဲ့ (RCHWA) မှ ဆေးဝန်ထမ်းများဖြစ်ကြသည့် ALP ပါတီဝင် ဗိုလ်ကြီးခိုင်ဟိန်းဇော်၊ အရာခံဗိုလ်ခိုင်မိုးဇက်နှင့် ကျောက်တော်ဆက်ဆံရေးရုံးဝန်ထမ်း ခိုင်ဌေးတို့ သုံးဦးကိုလည်း ခိုင်အောင်စိုးသန်း၏ အိမ်မှအပြန် မြောင်ကြီးကျေးရွာအနီးတွင်ပင် ဖမ်းဆီးသွားသည်ဟု ဗိုလ်မှူးကြီးခိုင်စောမြက ပြောသည်။
“ရခိုင်ပြည်အတွက် ရခိုင်အဖွဲ့နှစ်ဖွဲ့ တိုက်ပွဲဝင်နေတဲ့အချိန်မှာ အချင်းချင်း တစ်ဖွဲ့ကိုတစ်ဖွဲ့ ဖမ်းလိုက်ဆီးလိုက်၊ သတ်လိုက်ဖြတ်လိုက်လုပ်နေတာက သိပ်မကောင်းဘူးလို့တော့ထင်တယ်” ဟု ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခိုင်စောမြက အဆိုပါနာရေးသို့ ၎င်းအပါအဝင် ALP/ALA မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခိုင်မိုးချမ်း၊ ဗိုလ်မှူးခိုင်မင်းစိုး၊ ကျောက်တော်ဆက်ဆံရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးခိုင်ကျော်လှိုင်နှင့် လူမှုအဖွဲ့အစည်းတချို့မှလည်း လာရောက်ခဲ့ပြီး ၎င်းတို့မှာ နာရေးမှ စော၍ပြန်သွားသည့်အတွက် ဖမ်းဆီးမခံရခြင်းဖြစ်သည်ဟုဆိုသည်။
ပြီးခဲ့သည့် မေ ၃၁ ရက်ကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်မှ ဆားပြင်ကျေးရွာမှ ALP ပါတီဝင် ဦးဝင်းလှိုင်ကို သေနတ်၊ ဓားများကိုင်ဆောင်ထားသည့် အရပ်ဝတ်ဖြင့် လူ ၅ ဦးက ဖမ်းဆီးသွားခဲ့ပြီး၊ အဆိုပါဖမ်းဆီးသွားသူများမှာ AA အဖွဲ့ဝင်များဖြစ်သည်ဟု ALP က ဇွန် ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ALP ပါတီဝင်များကို AA ကဖမ်းဆီးသည့်ဖြစ်စဉ်များမှာ ၂၀၁၇ ခုနှစ်တွင် နှစ်ကြိမ်နှင့် ယခုနှစ်အတွင်း နှစ်ကြိမ်ရှိခဲ့ပြီး ပါတီဝင် ၁၃ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟု ALP ၏ အချက်အလက် များအရ သိရသည်။