သတင်း

ကရင်ပြည်နယ်မြို့တချို့ကို စစ်ကောင်စီ မအုပ်ချုပ်နိုင်တော့ဟု KNU ပြော

စစ်အာဏာသိမ်းယူမှု နှစ်နှစ်ကျော် ကြာမြင့်လာချိန်တွင် လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းသည့် ကရင်ပြည်နယ်အတွင်းရှိ မြို့တချို့တွင် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ပြိုပျက်လာနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နှင့် ဖာပွန်မြို့တို့တွင် တရားဥပဒေစိုးမိုးရေးအတွက် KNU ၏ အခန်းကဏ္ဍက ပိုမို အရေးကြီးလာသည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။

“မြို့က အုပ်ချုပ်ရေးပျက်ပြီးတော့ တရားဥပဒေစိုးမိုးမှုအပိုင်းမှာ ခိုးဆိုးလုယက်မှုတွေက မြို့ထဲမှာ ပိုများလာတဲ့အခါကျတော့ ပြည်သူလူထုက ကျွန်တော်တို့ဘက်ကို တောင်းဆိုလာတယ်လေ။ ကျွန်တော်တို့မှာ အုပ်ချုပ်ရေးစနစ်ရှိတယ်၊ တရားစီရင်ရေးစနစ်ရှိတယ်၊ အချုပ်တို့ ရဲတို့ကလည်း အဆင့်သင့်ရှိထားတယ်လေ။ အဲ့ဒါကြောင့် အစားထိုးပြီး အုပ်ချုပ်ရေးကို ဝင်လုပ်တာ” ဟု ၎င်းက ဆိုသည်။

အဆိုပါမြို့များတွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ မရှိတော့ဘဲ တပ်စခန်းများသာ ကျန်ရစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းအတွင်းတွင်သာ နေထိုင်သဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စွမ်း မရှိတော့ကြောင်း ပဒိုစောတောနီးက ဆက်လက်ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးဌာနရုံး၊ စည်ပင်သာယာရုံးတို့ မီးလောင်သွားခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်ရေး ရပ်ဆိုင်းသွားခြင်းဖြစ်သည်။ ထိုအခြေအနေတွင် မြို့တွင်း ခိုးဆိုးလုယက်မှု ပိုမိုများပြားလာသည့်အတွက် သတိဖြင့် နေထိုင်နေကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဌာနဆိုင်ရာ ရုံးတွေက မရှိတာ ကြာပြီလေ၊ မီးရှို့ခံထိပြီးကတည်းကပဲ။ မြို့ပေါ်မှာတော့ သူခိုးတွေက ပေါမှပေါပဲ။ နေ့တိုင်းလိုလို ဟိုအိမ်အခိုးခံရ၊ ဒီအိမ်အခိုးခံရပဲ။ ဘယ်မှာ သွားတိုင်လို့ တိုင်ရမှန်း မသိဘူးလေ” ဟု ဘုရားသုံးဆူမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထိုမြို့နယ်များ၏ အုပ်ချုပ်ရေးစနစ်ကို တာဝန်ယူရာတွင် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) စသည့် အဖွဲ့များနှင့် ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်နေကြောင်း KNU ဘက်က ဆိုသည်။

ကရင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်တချို့တွင်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးသည် မြို့ပေါ်ရပ်ကွက်များတွင်သာ ရှိတော့ကြောင်း ပဒိုစောတောနီးက ဆိုသည်။ ထိုမြို့အမည်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

“ဖာပွန်လည်း စစ်ကောင်စီဘက်ကနေ အုပ်ချုပ်ရေးပျက်တာ ကြာလှပါပြီ။ တချို့မြို့တွေတော့ လုံးလုံးကြီး အုပ်ချုပ်ရေးမပြုတ်သေးဘူး။ တချို့တစ်ဝက် ကျန်သေးတယ်။ ဌာနဆိုင်ရာအစုံမရှိတော့ဘူး။ နည်းနည်းပါးပါးပဲ ကျန်တော့တာပေါ့၊ စစ်တပ်ပဲ ထိုင်ထားတာပေါ့” ဟု ပဒိုစောတောနီးက ဆိုသည်။

ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊  မြဝတီမြို့နယ်တို့တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေရာ ဒေသခံများလည်း စစ်ဘေးလွတ်ရာ နီးစပ်ရာ တောတောင်များအတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။

မြဝတီမြို့အနီးရှိ လက်ခတ်တောင်ကို KNU လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့ဝင်များက သိမ်းယူထားနိုင်သလို ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီခြေကုပ်စခန်းများကိုလည်း မကြာခဏဆိုသလို KNU ဘက်က တိုက်ခိုက်သိမ်းပိုက်ထားသည်။

သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် KNU သည် စစ်အာဏာသိမ်းယူမှုကို လက်မခံဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေသည်။

စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားတွင် တာဝန်ထမ်းဆောင်နေသူများကို KNU ထိန်းချုပ်နယ်မြေအတွင်းမှ ထွက်ခွာသွားရန် အသိပေးထားပြီးဖြစ်သည်။

အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းသွားသည့် အခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စောခင်မောင်မြင့်ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

မြို့နယ် ၇ မြို့နယ်ရှိသော ကရင်ပြည်နယ်သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသော ဒေသကြီးတစ်ခု ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button