သတင်း

အင်းတော်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို KIA နှင့် PDF ပေါင်းတိုက်

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် အင်းတော်မြို့နယ် အရှေ့ဘက်ရှိ နဘားရွာအနီး အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များက စက်တင်ဘာ ၁၈၊ ၁၉ တို့တွင် တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

စက်တင်ဘာ ၁၈ မွန်းလွဲ ၂ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက အင်းတော်မြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ နဘားလမ်းဆုံအနီး စောင့်ဆိုင်း တိုက်ခိုက်ခြင်းဖြစ်သည်။

မိနစ်အနည်းငယ်အကြာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က နဘားရွာထဲ ဝင်ရောက်သွားသည့်အတွက် တိုက်ပွဲပြီးဆုံးခဲ့သည်၊ အငိုက်မိသွားသည့် စစ်ကောင်စီတပ်တွင် ထိခိုက်ကျဆုံးမှု ရှိနိုင်သည်ဟု Indaw Revolution-IR မှ တာဝန်ခံအမျိုးသားက ပြောသည်။

နောက်တစ်နေ့တွင် နဘားရွာထဲမှ ထွက်လာသည့် စစ်ကောင်စီတပ်ကို ရွာထိပ်မှ စောင့်ဆိုင်းတိုက်ခိုက်ရာမှ တိုက်ပွဲထပ်ဖြစ်ခဲ့သည်၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်ဟု ၎င်းက ပြောသည်။

“နဘားလမ်းဆုံမှာ ရှိတဲ့ ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းကတော့ စုတ်ပြတ်သတ်သွားတာပဲ၊ ကားလမ်းတွေ ကွန်ကရစ်လမ်းတွေလည်း ပျက်သွားတယ်၊ နဘားရွာထိပ်က အိမ်တွေလည်း လက်နက်ကြီးတွေ မှန်သွားတယ်” ဟု အထက်ပါ တာဝန်ခံက ပြောသည်။

နာရီအနည်းငယ်ကြာ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရွာအတွင်းသို့ ပြန်ဝင်သွားခဲ့ပြီးနောက် လက်နက်ကြီးလက်နက်ငယ်များဖြင့် ရွာအနီးဝန်းကျင်ကို တစ်နေကုန်နီးပါး ပစ်ခတ်နေခဲ့သည်ဟု သိရသည်။

ဒုတိယနေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်များက ဆိုသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်ပါ။

KIA, PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာနေရာပြ မြေပုံ။

ဒုတိယနေ့တွင်လည်း စစ်ကောင်စီတပ်က ရွာအပြင်သို့ ပြန်မထွက်တော့ဘဲ ရွာအတွင်း၌ပင် ညအိပ်တပ်စွဲသည်၊ ယနေ့နံနက် (စက်တင်ဘာ ၂၀ ရက်) တွင် အင်းတော်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲမှ ပစ်ခတ်သံများကို အင်းတော်မြို့တွင်းမှပင် ကြားနေခဲ့ရသည်၊ အင်းတော်မြို့ပေါ်မှ စစ်ကောင်စီတပ်က နဘားရွာဘက်သို့ ပစ်ခတ်နေသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးသံများကို တိုက်ပွဲဖြစ်သည့် နှစ်ရက်လုံး ကြားနေရသည်ဟု အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တစ်နေကုန် ပစ်နေတာပဲ။ ကြားနေရတယ်။ နဘားနဲ့ဆို ကျွန်တော်တို့နဲ့က သိပ်မဝေးဘူး၊ စစ်ကောင်စီတပ်ကလည်း တော်တော်လေးတော့ ကျတယ် ကြားတယ်။ မနေ့က တစ်နေကုန်၊ ဒီနေ့ကတော့ မနက်က တစ်ချက်ပစ်တယ်၊ အခုတော့ မပစ်သေးဘူး” ဟု အသက် (၄၀) ကျော်အရွယ် အဆိုပါ ဒေသခံက ပြောသည်။

အင်းတော်မြို့ပေါ်တွင် ဒေသခံတို့ ပုံမှန်အတိုင်း သွာလာလှုပ်ရှားနေကြသည်၊ စစ်ကောင်စီတပ်က မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အင်းတော်မြို့အထွက် ရွှေအင်းတော်ဘီယာဆိုင်ရှေ့တို့တွင် ဖြတ်သန်းသွားလာသူများကို စစ်ဆေးနေသည်ဟု သိရသည်။

စက်တင်ဘာ ၁၆ ရက်နေ့က အင်းတော်မြို့တောင်ဘက် ၁၄ မိုင်ခန့်အကွာတွင် ရှိသည့် ခရမ်းစပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ခရမ်းစပ်ကုန်းရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးနှင့် ကပ္ပိယတစ်ဦး သေဆုံးခဲ့သည်။

စစ်ကိုင်း-ကချင်နယ်စပ်အနီးရှိ အင်းတော်၊ ကသာ၊ ဗန်းမောက်၊ ထီးချိုင့် စသည့် မြို့နယ်များရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ရေးအကူအညီ အများဆုံးရသည့် အဖွဲ့များဖြစ်ပြီး စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် ခုခံနေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု နိုင်ငံအနှံ့ ဖြစ်ပွားလာရာ အချို့ တိုင်းနှင့် ပြည်နယ်များနည်းတူ စစ်ကိုင်းတိုင်း၏ လက်နက်ကိုင်တော်လှန်ရေး အားကောင်းနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button