မြန်မာပြည်တောင်ဘက် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့အနီး ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်ကောင်စီက စစ်သင်္ဘောများသုံးပြီး ကြည်းတပ်နှင့် ရေတပ် ပူးပေါင်းစစ်ဆင်ရေးဖြင့် ဒေသခံကာကွယ်ရေးတပ်များကို တိုက်ခိုက်နေသည်။
စက်တင်ဘာ (၁၁) နံနက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပုလောမြို့ အနောက်ဘက် ပင်လယ်ပြင်မှ စစ်သင်္ဘောများက ပင်လယ်ကမ်းစပ်ကျေးရွာများဖြစ်သည့် တိုရွာ၊ ပိတပ်၊ မြဒေါင်နှင့် လက္ကူးကျေးရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ် PDF များက ပြောသည်။
စက်တင်ဘာ ၁၅ နံနက်ပိုင်းတွင် လက္ကူးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် (၁) တပ်ရင်းထံမှ သိရသည်။
တိုက်ပွဲ ဖြစ်ပွားနေချိန်တွင် ရွာအနီး ပင်လယ်ပြင်၌ တပ်စွဲထားသည့် ရေတပ်စစ်သင်္ဘောများက ပစ်ခတ်ခဲ့ရာ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
အထိနာသွားသည့် စစ်တပ်က ထိုရွာမှ ပြန်လည်ဆုတ်ခွာသွားပြီး နေအိမ် ၁၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟုလည်း တော်လှန်ရေးတပ်က စက်တင်ဘာ ၁၆ တွင် ကြေညာချက်ထုတ်သည်။
နောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် အင်အားထပ်မံဖြည့်တင်းပြီးနောက် ဒေသခံ ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုကာ လက္ကူးရွာဘုန်းကြီးကျောင်းတွင် ပြန်လည်တပ်စွဲထားသည်ဟု ထိုကြေညာချက်က ဆိုသည်။ ထို့နောက် ပုလောမြို့နယ်အတွင်း အင်တာနက်နှင့် ဖုန်းလိုင်းများ စစ်ကောင်စီက ဖြတ်တောက်လိုက်သည်။
စက်တင်ဘာ ၁၈ တွင် စစ်တပ်၏ ကြည်း၊ ရေ ပူးပေါင်းတပ်များက ပုလောမြို့နယ်အတွင်းရှိ မြဒေါင်ကျေးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ရွာခံ ၄ ဦး၊ PDF ၉ ဦး သေဆုံးခဲ့သည်ဟု တနင်္သာရီတိုင်း စစ်ရေးတာဝန်ခံ ကိုစတားက Myanmar Now ကို အတည်ပြုသည်။
“ရာထူးတွေ နာမည်တွေကိုတော့ အတည်မပြုနိုင်သေးပါဘူး” ဟု ၎င်းက ပြောသည်။
စစ်တပ် ဝါဒဖြန့်သတင်းဌာနများကလည်း မြဒေါင်ရွာအနီးမှ PDF စခန်းကို စစ်ကောင်စီတပ်များက သိမ်းနိုင်ခဲ့ကြောင်း စက်တင်ဘာ ၁၈ ညပိုင်းက ဖော်ပြခဲ့သည်။ ပြောက်ကျားအင်္ကျီဝတ် လူငယ်များ၏ ရုပ်အလောင်းများနှင့် မောင်းပြန်သေနတ် ၇ လက် ဓာတ်ပုံကိုလည်း ဖော်ပြခဲ့သည်။
ပုလောမြို့နယ်အတွင်း စက်တင်ဘာ ၁၁ မှ စက်တင်ဘာ ၁၈ အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် အရပ်သား ၆ ဦးအထိ သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်များ၏ စာရင်းများအရ သိရသည်။
တနင်္သာရီတိုင်းအတွင်းမှ ထိုင်း-မြန်မာ အဓိကကုန်သွယ်ရေး အချက်အချာလမ်းမကြီးဖြစ်သည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးအနီးမှ ပင်လယ်ကမ်းစပ်မြို့ ပုလောသည် စစ်ရေးအရ အရေးပါသည့် ဒေသဖြစ်သည်။
အမျိုးသားညီညွတ်အစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်း ၅ ရင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) တို့အပြင် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပါ အခြေစိုက်ထားသည့် တနင်္သာရီတိုင်းသည် တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးထားနိုင်သည့် ဒေသဖြစ်သည်။
ထိုဒေသကို စက်တင်ဘာအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက် စစ်ကြောင်းထိုးခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)