အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တမူးနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးဇုန် အစိုးရသက်တမ်းမကုန်မီ တည်ဆောက်မည်

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရန်ရည်ရွယ်သည့် တမူးနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးဇုန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသက်တမ်းမကုန်မီ တည်ဆောက်ရန်စီစဉ်နေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ နန်ဖာလုံစျေးအနီး မြေဧက ၂၀ ကျော်ပေါ်တွင် ကနဦး အပိုင်း(က) စီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းစတင်ရန် ပြည်ထောင်စုနှင့် တိုင်းအဆင့် ကော်မတီသုံးခု ဖွဲ့စည်းဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက Myanmar Now ကို ပြောသည်။

NLD အစိုးရလက်ကျန်သက်တမ်းအတွင်း ဇုန်တည်ဆောက်ရေးအသေးစိတ် (Master Plan) ရေးဆွဲမည်ဖြစ်ပြီး ဇုန်တည်ဆောက်ပေးမည့် ပြည်တွင်းကုမ္ပဏီများကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူသွားမည်ဟု ၎င်းက ပြောကြားသည်။

“ပွင့်လင်းမြင်သာစွာလုပ်မှာပါ။ (တင်ဒါ) ခေါ်မှာပါ။ ကျွန်တော်တို့အစိုးရလက်ထက် (သက်တမ်းကုန်ဖို့က) လည်း လိုသေးတယ်။ ၇ လ ၈ လလောက်လိုသေးတယ်” ဟု ဦးစိုးဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းဇုန်တည်ဆောက်ရန် ၂၀၂၀ အစောပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တမူးမြို့သို့သွားရောက်စဉ် တမူးဒေသခံများက မေးမြန်းခဲ့ဖူးပြီး ဒုတိယ သမ္မတ-၁ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကိုလည်း တမူးကုန်သည်များက ၂၀၁၉ ဩဂုတ်လအတွင်း ပြုလုပ်သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးပုံမှန်တွေ့ဆုံ‌ပွဲတစ်ခုတွင် တင်ပြခဲ့ဖူးသည်။

အဆိုပါကုန်သွယ်မှုမြှင့်တင်ရေးဇုန်ကို ငွေကြေးမည်မျှအကုန်အကျခံတည်ဆောက်မည်ကို မပြောဆိုနိုင်သော်လည်း ယင်းဇုန်အတွင်း ဂိုဒေါင်များ၊ အအေးခန်းစနစ်သုံး သိုလှောင်ရုံများ၊ ကုန်ပစ္စည်းထုပ်ပိုးသည့်အလုပ်ရုံများ၊ ကုန်တင်ယာဉ်များ ကုန်ပစ္စည်းဖလှယ်ရန်နေရာတို့ တည်ဆောက်ရန်လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။ 

စစ်ကိုင်းတိုင်းနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် အိန္ဒိယနိုင်ငံဘက်အခြမ်းရှိ ပြည်နယ်များသည် ဝေးလံခေါင်ဖျားသည့် တောင်တန်းဒေသများဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရန် တမူးနယ်စပ်ကို အဓိကထွက်ပေါက်အဖြစ်အသုံးပြုကြသည်။

“ဆက်သွယ်ရေးလမ်းကြောင်းတွေအရ တမူးက တစ်ချိန်မှာ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာဖို့ အများကြီးရှိတယ်။ ရှိနေတဲ့အလားအလားတွေပေါ်မူတည်ပြီးတော့ (ဇုန်တည်ဆောက်ရန်) လုပ်ဖို့အတွက် ဆောင်ရွက်တာ” ဟု ဦးခင်မောင်လွင်က ပြောသည်။

အိန္ဒိယအစိုးရ၏ အကူအညီဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ ယာကြီး-ကလေးဝလမ်းစီမံကိန်း အဆင့်မြှင့်တင်နေပြီး ယင်းလမ်းပိုင်းပြီးစီးပါက အိန္ဒိယနိုင်ငံဘက်အခြမ်းရှိပြည်နယ်များနှင့် ကုန်သွယ်မှုများတိုးတက်လာမည်ဖြစ်ကာ တမူးမြို့မှာလည်းအရေးပါသည့် နယ်စပ်ကုန်သွယ်ရေးအချက်အချာနေရာဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

တမူးနယ်စပ်ကို မူဆယ်၊ မြဝတီကုန်သွယ်မှုမြှင့်တင်ရေးဇုန်များကဲ့သို့ ကုန်သွယ်မှုပမာဏတိုးတက်လာရန် ရည်မှန်းထားပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောသည်။ 

မြန်မာနိုင်ငံရှိ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခုအနက် တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်သည် ကုန်သွယ်မှုပမာဏအများဆုံးဖြစ်ကာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်သွင်းကုန် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံကျော်ရှိသည်။ မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၆၉ သန်းကျော်ရှိကာ ဒုတိယကုန်သွယ်မှုအဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကို ၁၉၉၅ တွင်တည်ထောင်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်မှုအတွက် အဓိကကုန်သွယ်ရေးစခန်းဖြစ်သော်လည်း နှစ်စဉ်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း ၁၀၀ ပင် မရှိသဖြင့် မူဆယ်နှင့် မြဝတီတို့နှင့်နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏနည်းပါးနေဆဲဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles