အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒုရဲအုပ်လင်မယား အသတ်ခံရသည့် စစ်ကိုင်းရှိ ရွာကို စစ်တပ် စီးနင်း

မန္တလေးမြို့ တံတားဦးလေဆိပ်မှ ဒုရဲအုပ် မကြာသေးခင်က အသတ်ခံထားရသည့် စစ်ကိုင်းမြို့ သလွန်ဖြူကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းနေချိန်တွင် အရပ်သား ၇ ဦးထက်မနည်း သတ်ဖြတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာ (၁၃) နံနက်ပိုင်းတွင် ဒုရဲအုပ်သန်းမင်းစိုးဆိုသူနှင့် ဇနီး ဒေါ်သူဇာထွန်းတို့ ထိုရွာသို့ သွားရောက်ရာ ညနေပိုင်းတွင် လက်နက်ကိုင်တစ်စုက ၎င်းတို့ကို ပစ်သတ်ခဲ့သည်၊ ၎င်းတို့၏ အသက် ၉ နှစ်နှင့် ၂ နှစ်အရွယ် ကလေးတို့ သေဆုံးခြင်း မရှိဟု ဒေသခံတစ်ဦးက ဆိုသည်။

“မိဘတွေကို ကန့်တော့ပြီး အပြန်လို့ သိရတယ်ဗျ။ သူတို့ကား ရပ်တန့်ထားတဲ့ ရွှေဘုံသာဆိုတဲ့ ဘုန်းကြီးကျောင်းဆီ အသွားမှာ ပစ်သတ်ခံရတာ။ ကလေးတွေက လွတ်မြောက်တယ် ပြောပါတယ်” ဟု စစ်ကိုင်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်အပြီး စစ်ကောင်စီတပ်က ထိုဒေသကို အင်အားအလုံးအရင်းနှင့် ဝင်ရောက်စီးနင်းနေခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ် ညောင်ကုန်းရွာ၊ သလွန်ဖြူရွာနှင့် စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားအနီးမှ ရွှေဘုံသာကျောင်းတို့တွင် အထိုင်ချ တပ်စွဲလိုက်သည်၊ စစ်ကိုင်းမြို့အနောက်ဘက် ရွာများကို ထွက်ပေါက်မရှိစေရန် ပိတ်ဆို့ထားပြီး ရှာဖွေဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသခံတို့က ဆိုသည်။

“ငါးထပ်ကြီးဘုရားတစ်ဝိုက်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ၁၀ ဦးလောက်ကို ဖမ်းသွားတယ်။ သလွန်ရွာအပါအဝင် အခြားရွာတွေရော ဒေသခံစုစုပေါင်း ၄၀ လောက်က ဖမ်းခံရတယ်။ ၇ ဦးလောက် အသတ်ခံထားရတယ်။ လက်ရှိ သူတို့ ရှာဖွေ စီးနင်းနေဆဲဖြစ်တဲ့အတွက် ဘယ်ရွာက ဘယ်သူဆိုတာမျိုး စုံစမ်းလို့ မရနိုင်သေးဘူးဗျ” ဟု ဒေသခံက ပြောသည်။

ထိုဒေသသို့ ရောက်လာသော လက်နက်ကိုင်အင်အား ရာဂဏန်းရှိသည်၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ (၃၃) မှ ဖြစ်သည်၊ ဖမ်းဆီး စစ်ကြော သတ်ဖြတ်ခံရသူတို့မှာ မည်သူမည်ဝါများဖြစ်ကြောင်း မသိရသေးဟု ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း စစ်တပ်ဝါဒါဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် စစ်ကိုင်းမြို့နယ် သလွန်ဖြူရွာနှင့် အနီးဝန်းကျင်ရွာများကို စီးနင်းရွာဖွေရာ ဒရုန်းတစ်စီး၊ လက်လုပ်သေနတ်တစ်လက် သိမ်းဆည်းရရှိသည်ဟု ရေးသားထားသည်။

စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားအနီးမှ ရွှေဘုံသာကျောင်းတို့တွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ယမန်နေ့ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ဂဋုန်မင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၆၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အဆိုပါ အဖွဲ့က ထုတ်ပြန်သည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်ဟုလည်း အဆိုပါ အဖွဲ့က ဆိုသည်။ 

ထိုအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်းမရှိပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button