သတင်း

ကောလင်းမြို့ KTV ရောက် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ပေါ်ရှိ  KTV တစ်ခုတွင် သီချင်းဆို ပျော်ပါးနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးအဖွဲ့က ယမန်နေ့ (စက်တင်ဘာ ၁၇) မွန်းလွဲ ၂ နာရီခန့်တွင် ရုတ်တရက် ဝင်ရောက် ပစ်ခတ်သည်။

မြို့အရှေ့ပိုင်းရှိ အိပ်မက်သစ် KTV ‌တွင် စစ်ကောင်စီ လက်နက်ကိုင် ၈ ဦး ရှိနေပြီး ၂ ဦး ကာရာအိုကေခန်းတွင် သီချင်းဆိုနေကာ ကျန်သူများမှာ ဆိုင်ထဲတွင် သောက်စားနေကြောင်း၊ ထိုအချိန်တွင် ဘေးချင်းကပ်ဆိုင်မှ နေ၍ ရုတ်တရက် ဝင်ရောက်ပစ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပစ်ခတ်မှုတွင် ပါဝင်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦးက ထိုဖြစ်စဉ်တွင် ဆိုင်ထဲ သောက်စားနေသည့် အဖွဲ့မှ စစ်ကောင်စီ လက်နက်ကိုင် ၄ ဦးထက်မနည်း သေသည်ဟု ဆိုသည်။

“ကျွန်တော်တို့က လက်နက်ပါ အရယူဖို့ လုပ်တာ မအောင်မြင်ခဲ့တာ။ ကျွန်တော်တို့ ပစ်တာ နည်းနည်း အချိန်ကြာသွားတော့ သူတို့လူတွေ ထပ်ရောက်လာတာ”

ကာရာအိုကေအခန်းအတွင်းမှ စစ်သား ၂ ဦးက ပြန်လည်ခုခံကြောင်း၊ မိနစ်ပိုင်းအတွင်း မြို့တွင်းမှ စစ်ကောင်စီ စစ်ကူများ ရောက်လာ၍ တစ်နာရီခန့် ကြာအောင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး နောက်ပြန်ဆုတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

၎င်းတို့ဘက်မှ ထိခိုက်မှုမရှိဟု ဆိုသည်။

ကောလင်းမြို့ပေါ်တွင် ရဲစခန်းနှင့် ထွေအုပ်ရုံးအပါအဝင် အထက်တန်းကျောင်းနှစ်ခုတွင် စစ်သားနှင့် ပျူစောထီးအင်အား ၁၅၀ ခန့်ထိ တပ်စွဲထားကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

KTV တွင် ပစ်ခတ်ခံရသူများသည် စစ်သား၊ ရဲ၊ စစ်တပ်က လက်နက်ပေးထားသည့် အရပ်သားအဖွဲ့ (ပျူစောထီး) မည်သည့်အဖွဲ့မှဖြစ်သည်၊ မည်မျှထိခိုက်သည်တို့ကိုမူ အသေးစိတ် အတည်မပြုနိုင်သေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။

ယနေ့ (စက်တင်ဘာ ၁၈) တွင် ကောလင်းမြို့ပေါ်၌ တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း၊ ယမန်နေ့ ညကတည်းက ရဲစခန်းထဲမှ စစ်ကောင်စီ လက်နက်ကိုင်တို့က ပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ကောလင်းမြို့ခံများကို ကိုးကား၍ ပြောသည်။

လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် PDF တစ်ဦး ပေါင်ကို ထိမှန်ခဲ့ကာ အရပ်သားတစ်ဦး ဝမ်းဗိုက်ဒဏ်ရာဖြင့် စိုးရိမ်ရကြောင်း၊ NUG ၏ ဆေးရုံတစ်ရုံတွင် ကုသပေးနေကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။

“ပြည်သူတစ်ယောက် ဗိုက်မှန်တယ်။ ညတွင်းချင်း ခွဲစိတ်မှုလုပ်ပေးထားတယ်၊ ခွဲစိတ်မှုက ၅၀-၅၀ပဲ”

ကချင်ပြည်နယ်နှင့် နီးစပ်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများဖြစ်သည့် ကောလင်း၊ ကသာ၊ ထီးချိုင့် မြို့နယ်တို့တွင် သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ကူညီမှုဖြင့် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ KTV တစ်ခုတွင် သီချင်းဆို ပျော်ပါးနေသည့် ရဲ ၉ ဦးကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရာ စခန်းမှုးအပါအဝင် ရဲ ၃ ဦး သေဆုံးခဲ့ဖူးသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီမှာ နိုင်ငံအနှံ့ ခုခံတော်လှန်မှုများကြောင့် စစ်မျက်နှာများစွာ ရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button