အောက်တိုဘာ ၂၉ ညနေပိုင်းက မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ KTV တစ်ခုတွင် သီချင်းဆို ပျော်ပါးနေသည့် ရဲ ၉ ဦးကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရာ ရဲအချို့သေဆုံးသွားကြောင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထုတ်ပြန်သည်။
မြို့သာစက်မှုဇုန်ရှိ ဝါဆိုဦး KTV တိုက်ခိုက်မှုတွင် ငါန်းမြာကျေးရွာ စခန်းမှူးအပါအဝင် အနည်းဆုံး ရဲ ၃ ဦး သေဆုံးသွားသည်ဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ဒေသအခြေစိုက် TGYR အဖွဲ့ခေါင်းဆောင် ကိုအီကိုက ပြောသည်။
အဆိုပါ KTV သည် စစ်ကောင်စီနှင့် နီးစပ်သူများက ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သာမန်ပြည်သူများ လာလေ့မရှိကြောင်း သိရသည်။
“ရဲတွေက ဒီကို အမြဲလာတာ။ ဒီ KTV က သူတို့အတွက် သီးသန့်ဖွင့်ထားသလို ဖြစ်နေတာ။ သူတို့ပဲ ရက်ခြား အမြဲလာတယ်။ ကျွန်တော်တို့ကလည်း သေသေသေချာချာစုံစမ်းပြီးမှ ဒီ Mission ကို ဆွဲခဲ့တာ ” ဟု ကိုအီကိုက ဆိုသည်။
မိနစ် ၂၀ ခန့်သာ ကြာမြင့်သည့် ထိုတိုက်ခိုက်မှုကို TGYR-Youth Guerrilla Counter Revolution, Myitnge People Defence Force, ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ မာန်စွယ်ကျားပြောက်ကျားတပ်ဖွဲ့တို့က စုပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်။
မတ်တူးကားဖြင့် ရဲများလာရောက်မည်ကို သတင်းကြိုတင်ရသဖြင့် PDF နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက အပြင်ကင်းများအပြင် KTV တွင် ကြိုတင်အခန်းယူကာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်ဟု ဇာမဏီပြောက်ကျားအဖွဲ့ခေါင်းဆောင် ကိုရဲကြီးက ပြောသည်။
KTV သို့ ရဲများရောက်လာသည့်အခါ ကာကွယ်ရေးအဖွဲ့ဝင်များက KTV မန်နေဂျာနှင့် ဝန်ထမ်းများ၏ ဖုန်းများကို သိမ်းကာ ၎င်းတို့ကို အခန်းတစ်ခန်းထဲ ထည့်လိုက်သည်၊ ဆိုင်မန်နေဂျာကို သေနတ်ဖြင့် ထောက်၍ ရဲများနှင့်အတူရှိနေသည့် အမျိုးသမီးဝန်ထမ်း ၃ ဦးထံ ဖုန်းဆက်စေကာ အပြင်ခေါ်ထုတ်ခိုင်းပြီးနောက် လက်ပစ်ဗုံး ၃ လုံးကို ထိုအခန်းထဲ ပစ်ထည့်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“နှစ်လုံး ကွဲသွားတာ၊ တစ်လုံး မကွဲဘူး။ တံခါးတွေ ပွင့်ထွက်သွားတာ။ ယောင်တောင်ပေါင်တောင်နဲ့ တစ်ကောင် ပြေးထွက်လာပြီး မကြာခင် လဲကျသွားတာ” ဟု ကိုအီကိုက သူမြင်တွေ့ခဲ့ရပုံကို ပြောသည်။
အခန်းထဲမှ ဒဏ်ရာရှိထားသည့် ရဲတစ်ဦးက ပြန်လည်ပစ်ခတ်သဖြင့် ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရသွားကြောင်း သိရသည်။
KTV နှင့် မနီးမဝေးတွင်ရှိ ဘဏ်တွင် တပ်စွဲထားသည့် စစ်သားများရှိ နေသဖြင့် ရဲများထံမှ လက်နက်သိမ်းဆည်းနိုင်ခြင်း မရှိတော့ဘဲ ပြန်ဆုတ်ခဲ့ကြောင်း ကိုရဲကြီးက ပြောသည်။
“တကယ်တမ်းက ကိုယ့်လူဒဏ်ရာမရဘူးဆိုရင် ပစ္စည်းတွေဘာတွေ အကုန်ရတယ်။ အဲဒီ ဗုံးနှစ်လုံးက တအားပြင်းတာ၊ အကုန်ပြီးတယ်။ တစ်ယောက်ပဲ ထလာပြီး ပစ်နိုင်တော့တာ” ဟု သူက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအပြီး စစ်တပ်က တိုက်ခိုက်သူများကို မြို့သာစက်မှုဇုန်အပါအဝင် ငါန်းဇွန်မြို့နယ်အတွင်း လိုက်လံရှာဖွေခဲ့သေးသည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)