သတင်း

စဉ့်ကူးတွင် ကလေးအပါအဝင် ထမင်းဆိုင်ပိုင်ရှင်မိသားစု သတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် မိုးကုတ်-မန္တလေး ကားလမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ထမင်းဆိုင်မှ အသက် ၁၃ နှစ်အရွယ် ကလေး အပါအဝင် မိသားစုဝင် သုံးဦးကို ပျူစောထီး ပြည်သူ့စစ်တို့က စက်တင်ဘာ ၁၆ ညပိုင်းတွင် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မိုးကုတ်-မန္တလေး ကားလမ်းဘေး ငွေတောင်ရွာအနီး ဖွင့်လှစ်ထားသည့် ဒေသခံများအခေါ် ‘အလင်းဆိုင်’ ထမင်းဆိုင်မှ ဆိုင်ရှင်လင်မယားနှင့် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တို့သည် အနီးအနားရှိ ညောင်ဝန်းရွာနားတွင် ပစ်သတ်ခံခဲ့ရကြောင်း စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။

သတ်ဖြတ်ခံရသည့် မိသားစုပိုင်ထမင်းဆိုင်တွင် ပြီးခဲ့သည့်လ ၂၅ ရက်နေ့က ပျူစောထီးခေါင်းဆောင်၏ သား သတ်ဖြတ်ခံခဲ့ရသည့်အတွက် ဆိုင်ရှင်များကို လက်တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

“အဲ့ဒီ ပျူစောထီးရဲ့ သားကို ရှင်းလင်းတဲ့ကိစ္စကို မကျေနပ်တာ၊ မကျေနပ်တော့ အဲ့ဒီအလင်းဆိုင်ကို သွားပြီးတော့ ဘယ်သူလုပ်တာလဲ၊ ဘာညာ မေးတယ်၊ ဆိုင်ရှင်မိသားစုက မသိလို့ မသိဘူးပြောတာကို ဖမ်းခေါ်သွားပြီးတော့ ညောင်ဝန်းမှာ ပစ်သတ်သွားတာ” ဟု သူက ဆိုသည်။

စဉ့်ကူးမြို့နယ်အတွင်း ရေတော်ရွာကို အခြေပြုကာ လှုပ်ရှားနေသည့် ပျူစောထီးခေါင်းဆောင် မောင်နိုင်ဆိုသူ၏ သားသည် ၎င်းတို့နှင့် အနီးကပ်တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း လှုပ်ရှားနေသည့် ဥဒေါင်းမင်း PDF အဖွဲ့က ပြောခဲ့ပြီး ထမင်းဆိုင်ပိုင်ရှင်များနှင့် သက်ဆိုင်ခြင်းမရှိဟုလည်း ၎င်းတို့က ဆိုသည်။

“ကျွန်တော်တို့က အဲ့ဒီနေ့က စကစပစ်မှတ်တစ်ခုကို တိုက်ခိုက်ပြီး ပြန်ဆုတ်လာတဲ့အချိန်မှာ အလင်းဆိုင်မှာ မောင်နိုင် သားနဲ့ကို တည့်တည့်တိုးတာ၊ သူတို့ကလည်း ပစ်ဖို့၊ ကျွန်တော်တို့က လက်ဦးပြီးတော့ ရှင်းနိုင်လိုက်တာ၊ အဲ့ဒီကိစ္စကို မကျေနပ်တော့ မောင်နိုင်က ဒီဆိုင်ကို ငြိုးလိုက်တာ” ဟု ဥဒေါင်းမင်းတပ်ဖွဲ့ တာဝန်ခံက ဆိုသည်။

စဉ့်ကူးမြို့နယ် တောင်ပိုင်းရှိ ငွေတောင်၊ ထုံးကြီး၊ ရွှေပြည် စသည့် ကျေးရွာများသည် အာဏာသိမ်း စစ်တပ်က သင်တန်းပေး လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးခေါ် ပြည်သူ့စစ်များ ကြီးစိုးရာ နေရာဒေသများဖြစ်ပြီး၊ ရေတော်ကျေးရွာသား မောင်နိုင်က ခေါင်းဆောင်အဖြစ် လှုပ်ရှားသည့် ကျေးရွာကြီးများလည်း ဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် မြောက်ဘက် မိုင် ၄၀ ကျော်သာ ဝေးသည့် စဉ့်ကူးမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တောင်ပိုင်းတွင် ပျူစောထီးတပ်များ နေရာယူထားကြကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

ထိုဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မိုးကုတ်ဗျူဟာ အမှတ် (၂) တပ်ရင်း အပါအဝင် ကာကွယ်ရေးအဖွဲ့များ လှုပ်ရှားနေသည်။

စစ်ကောင်စီက ပျူစောထီး ပြည်သူ့စစ်များကို လက်နက်နှင့် သင်တန်းများ ထောက်ပံ့သည် (ဓာတ်ပုံ – စစ်ကောင်စီအားပေးတယ်လီဂရမ်ချန်နယ်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button