ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အင်းတော်ကြီး-PDF က ပြောသည်။
စက်တင်ဘာ ၁၂ ရက်နေ့က မိုးညှင်းမြို့နယ် နမ့်မွန်းမြို့မှ အင်းတော်ကြီးသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၇၀ ကျော်ပါ ခြေလျင်တပ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် အင်းတော်ကြီး-PDF တို့က ရွှေလက်ပန်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ထိုတပ်သည် ရွှေလက်ပန်ရွာနှင့် မိုင်အနည်းငယ်ဝေးသည့် မိုင်းနောင်ရွာတွင် ညအိပ်ရပ်နားခဲ့သည်၊ နောက်တစ်ရက် ထိုရွာမှအထွက် လက်နက်ကြီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟုလည်း အင်းတော်ကြီး-PDF က ပြောသည်။ အထိနာသည့် စစ်ကောင်စီတပ်က ဒေသခံ ရွှေမှော်လုပ်သား ၆ ဦးထက်မနည်းကို လူသားဒိုင်းအနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
“သူတို့ရွာတစ်ရွာကို ကျော်မယ်ဆိုရင် ရွှေတွင်းရှိရင် ရွှေတွင်းက ကျင်းသားတွေကို ခေါ်ပြီးတော့ မိုင်းဆွဲခံရမှာစိုးလို့ ရှေ့က သွားခိုင်းတာပေါ့၊ ဒိုင်းကာလုပ်သွားတာပေါ့” ဟု အင်းတော်ကြီး-PDF တပ်ဖွဲ့ဝင်က ပြောသည်။
စစ်ကြောင်းသည် စက်တင်ဘာ ၁၃ တွင် မမုန်ကိုင်ရွာအနီး ရောက်ရှိသွားပြီးနောက် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့ကာ ရွာအနီးရှိ ရွှေမှော်တဲများတွင် ညအိပ်ရပ်နားခဲ့သည်ဟု သိရသည်။
ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက်တွင် ထပ်မံထွက်ခွာလာရာ စစ်ကောင်စီ အထိုင်တပ်ရှိသည့် လုံးတုံရွာအနီးအရောက် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟုလည်း အင်းတော်ကြီး-PDF က ပြောသည်။
“သူတို့က လမ်းအတိုင်း မလာဘူး၊ လယ်ကွင်းထဲကပဲ လာတာ၊ အဲဒါကြောင့် ကျွန်တော်တို့က လုံတုံရွာအတွင်း အဝင်မှာ လမ်းပေါ် မထောင်ဘဲနဲ့ သူတို့ဖြတ်တက်မယ့် လမ်းနားမှာ ထောင်လိုက်တာ၊ ကွက်တိတိုးသွားတာ။ လူထူတဲ့နေရာကို ကြည့်ပြီး ရွေးခွဲတာ၊ လဲတာရော ဝပ်တာရော အကုန်မြင်ရတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
စက်တင်တာ ၁၂ တွင် စတင်သည့် ၃ ရက်ကြာ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်သည်ဟုလည်း အင်းတော်ကြီး-PDF က ခန့်မှန်းထားသည်။
သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စစ်ကြောင်း နမ့်မွန်းမှ စစ်ကောင်စီအထိုင်တပ်ရှိသည့် လုံးတုံရွာအထိ ၁၀ မိုင်ကျော်ခန့်သာ ဝေးသည့်ခရီးကို ၃ ရက် အချိန်ယူရခြင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်နိုင်သည်၊ လမ်းမကြီးများအတိုင်း မသွားဘဲ လယ်ကွင်းများနှင့် ရွှေမှော်များထဲမှသာ စစ်ကြောင်းထိုးခဲ့သည်ဟု အင်းတော်ကြီး-PDF က ဆိုသည်။
အဆိုပါ တပ်သည် ယနေ့မွန်းလွဲပိုင်းတွင် အင်းတော်ကြီးဒေသ လုံးတုံရွာအနီးရှိ ဟိုပါကုန်းသို့ ရောက်ရှိပြီး ယာယီတပ်စွဲထားကြောင်း၊ တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ် တာမခန်ရွာသို့ ဆက်သွားမည်ဟု သတင်းရထားကြောင်း အင်းတော်ကြီး-PDF အဖွဲ့က ပြောသည်။
စစ်ကောင်စီကြောင်းထိုးလာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရမှု မရှိသော်လည်း သတိနှင့် နေထိုင်နေရကြောင်း အင်းတော်ကြီးဒေသခံ အသက် (၅၀) ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အပြန်အလှန်တိုက်ခိုက်မှုများ ပြင်းထန်နေသလို KIA ဌာနချုပ်အနီး၊ မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်တွင် ရှိသည့် နမ်ဆန်ယန်ရွာကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က အင်အား တစ်ထောင်ခန့် အသုံးပြုကာ တိုက်ခိုက်နေသည်မှာ နှစ်လကျော် ကြာမြင့်လာပြီဖြစ်သည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်မှ တိုက်ပွဲများကို ရည်ညွန်းပြီး ဇူလိုင်၊ ဩဂုတ် နှစ်လတာအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၅၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ရေးသားထားသည်။
စစ်ကောင်စီတပ်က ယာဉ်တန်းများဖြင့် နမ်ဆန်ယန်ရွာသို့ ဦးတည်ကာ စစ်ကြောင်းထိုးနေသည့်အတွက် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်တွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်။
တိုက်ပွဲသတင်းများကိုမူ စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)