
ရခိုင်ပြည်နယ် မောင်တောမြို့တောင်ဘက်ရှိ အင်းဒင်တောင်ကျော်လမ်းပေါ် ဖြတ်သန်းသွားနေသည့် တပ်မတော်ယာဉ်တန်းတစ်ခုကို ဩဂုတ် ၃ တွင် ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးအပါအဝင် တပ်မတော်နှင့် ရဲဝန်ထမ်းအချို့ စုစုပေါင်း ၆ ဦးခန့် သေဆုံးခဲ့သည်ဟု ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးက ပြောသည်။
ဩဂုတ် ၃ မနက် ၁၁ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဝန်ထမ်းများပါဝင်သည့် တပ်မတော်စစ်ကြောင်းကို မောင်တောမြို့နယ် ကျောက်ပန်းဒူရွာနှင့် ရသေ့တောင်မြို့နယ် စေတီပြင်ရွာကို ဆက်သွယ်ထားသည့် မေယုတောင်တန်းပေါ်ရှိ အင်းဒင်တောင်ကျော်လမ်းတစ်နေရာတွင် AA အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။
လူမှုဝန်ထမ်းကြီးကြပ်ရေးဌာန၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် သွားရောက်စဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး တပ်မတော်အရာရှိနှင့်တပ်သားအချို့၊ ရဲတပ်ဖွဲ့အရာရှိတစ်ဦးနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ဦးစီးမှူးဦးကျော်ဇောခိုင်တို့ သေဆုံးခဲ့သည်ဟု ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။
အဆိုပါတိုက်ပွဲများအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်အရေအတွက် အယောက် ၂၀ ခန့်ကျဆုံးခဲ့သလို လက်နက်ခဲယမ်းအချို့နှင့် သုံ့ပန်းအချို့လည်း ဖမ်းဆီးရမိခဲ့သည်ဟု AA က ဩဂုတ် ၃ တွင် ထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲအတွင်းသေဆုံးသူမှာ ၆ ဦးခန့်သာရှိပြီး AA က ဖမ်းဆီးသွားသည့် သုံ့ပန်း ရှိမရှိ အတည်မပြုနိုင်သေးကြောင်း ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။
“AA ဘက်က အဲဒီလိုမျိုးပြောနေတာတွေ ကြားပါတယ်။ ဒါပေမယ့် မသေချာသေးပါဘူး။ ကျွန်တော်တို့ စိစစ်ရဦးမှာပါ” ဟု သုံ့ပန်းဖမ်းဆီးခံရသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။
ဩဂုတ် ၃ မနက် ၁၁ နာရီခန့်က ဖြစ်ပွားသည့် အပြန်အလှန်တိုက်ခိုက်မှုများသည် နေ့လယ် ၃ နာရီခန့်တွင် ပြီးဆုံးသွားပြီး ယနေ့ (ဩဂုတ် ၄) တွင် တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကို တပ်က နေရာယူထားသည်ဟု ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။
AA ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့်အတွက် Myanmar Now အနေဖြင့် တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို AA ထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။

ဩဂုတ် ၃ မနက် ၁၁ နာရီခန့်က အင်းဒင်တောင်ကျော်လမ်းပေါ်မှ လက်နက်ကြီးသံများကြားသလို ဩဂုတ် ၂ တွင်လည်း လက်နက်ကြီးသံများ ကြားခဲ့ရသည်ဟု တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဆုံးတွင်ရှိသည့် မောင်တောမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
လတ်တလောတွင် ထပ်မံပစ်ခတ်မှုမရှိဘဲ အခြေအနေတည်ငြိမ်နေသော်လည်း ရွာအနီးတစ်ဝိုက် တပ်မတော်စစ်ကြောင်းအချို့ သွားလာလှုပ်ရှားနေသည်ဟု ၎င်းက ဆိုသည်။
ဇွန် ၂၃ တွင် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးတစ်ဝိုက် နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက စာထုတ်ခဲ့ပြီးနောက် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာမှာ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် ဧရိယာ၏ အနောက်ဘက်တည့်တည့်တွင်ရှိသည်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ့ (MIPS) က ဇူလိုင် ၉ တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများကြောင့် ၂၀၁၉ တစ်နှစ်အတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်ပေါင်း ၈၀၀ မှ ၁,၅၀၀ အတွင်းကျဆုံးခဲ့သည်ဟု သိရသည်။