
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း အုတ်ဖိုကန်ကျေးရွာအနီး၌ ယနေ့နံနက်ပိုင်း ၅ နာရီခန့်မှစ၍ ညနေ ၄ နာရီအထိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ အပြန်အလှန် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မြောက်ဦးမြို့ဘက်မှ လာသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် အုတ်ဖိုကန်ကျေးရွာအနီး အရောက်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဒေသခံကျေးရွာသားအချို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
မြောက်ဦးမြို့အထွက် ၂ မိုင်ခန့်အကွာ စစ်တွေ-ရန်ကုန် ကားလမ်းမထက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားစဉ် ကားအသွားအလာများ ရပ်သွားသည်ဟု အမည်မဖော်လိုသည့် မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။
“ညနေ ၃ နာရီခွဲလောက်မှာ ရဟတ်ယာဉ်နှစ်စီးရောက်လာပြီးတော့ မြို့ပေါ်တွေကလည်း ဝဲလို့ပျံလို့၊ အတွဲလိုက်ပစ်တာတွေလည်း မြင်လိုက်ရတယ်” ဟု ၎င်းက ပြောသည်။
ရဟတ်ယာဉ်ဖြင့် မိနစ် ၂၀ ခန့် ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ အုတ်ဖိုကန်ရွာနှင့် ကပ်လျက်ရွာတစ်ရွာဖြစ်သည့် ထမ္မရာဇ်ကျေးရွာအနီးရှိ ကယ်ဆယ်ရေးကျေးရွာ (ခေါ်) သဇင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု မြောက်ဦးမြို့နေ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ရွာများအနီး လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုရှိနေ၍ အုတ်ဖိုကန်နှင့် မောင်ရီကန်ကျေးရွာသားများမှာလည်း ထွက်ပြေးနေကြသည်ဟု ၎င်းက ပြောသည်။
“ရွာသားတွေ ထိခိုက်ဒဏ်ရာရသွားတာကိုတော့ မကြားမိဘူး။ အဲဒီရွာဘက်ကိုသွားတဲ့ လမ်းမှာ လုံခြုံရေးတွေတော့ ချထားတယ်။ အခုထိ အဲဒီဘက်ကိုသွားလို့ မရသေးဘူး။ လက်နက်ကြီးပစ်ခတ်သံတွေကိုကြားရလို့ အသက်ကြီးပိုင်းအချို့တော့ မကျန်းမမာဖြစ်သွားတယ်လို့သိရတယ်” ဟု ပညာရေးဝန်ထမ်းက ပြောသည်။
ယနေ့ ညနေ ၅ နာရီခန့်တွင် ယင်းတိုက်ပွဲဖြစ်ပွားရာနေရာဘက်၌ ပစ်ခတ်သံများ ရပ်တန့်သွားသော်လည်း မြောက်ဦးမြို့ ရဲစခန်းရှေ့ ငွေတောင်ပေါ်ရှိ တပ်က လက်နက်ကြီးများဖြင့် ၁၅ မိနစ်တစ်ကြိမ်၊ မိနစ် ၂၀ တစ်ကြိမ် ပစ်ခတ်နေသည်ကို ကြားနေရပြီး မည်သည့်ဘက်ကို ပစ်သည်ကို မသိကြောင်း ယင်းပညာရေးဝန်ထမ်းက ပြောသည်။
တိုက်ပွဲဖြစ်ရာမှ လက်နက်ကြီးပစ်ခတ်သံများကို ကြားနေရပြီး ထိုတိုက်ပွဲဖြစ်ပွားရာနေရာသို့ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေသည်ကို ကိုယ်တိုင်မြင်တွေ့နေရသည်ဟု တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် လေးမိုင်ခန့်အကွာရှိ ဝေသာလီကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ရဟတ်ယာဉ်နဲ့ပစ်နေတာ ငါတို့တောင် ပြေးရမလိုလိုတောင် ဖြစ်နေပြီ။ ရဟတ်ယာဉ် နှစ်စီးနဲ့ပစ်နေတာ။ အခု ပစ်နေတာကို မြင်နေရတယ်” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။
တိုက်ပွဲဖြစ်ပွားသည်မှာ ဟုတ်မှန်ပြီး တောင်ဖြူဆည်အနီးတစ်ဝိုက်ကို တပ်မတော်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်ဟု မြောက်ဦးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က Myanmar Now ကို ပြောသည်။
“အခုဖြစ်နေတဲ့နေရာနဲ့ မြောက်ဦးမြို့နယ်ဆိုရင် တစ်မိုင်တောင် ဝေးမှာမဟုတ်ဘူး။ မိုးလင်းအရုဏ်တက် ၅နာရီ ၂၀ မိနစ်ကနေ မနက် ၈ နာရီအထိ သေနတ်သံတွေ ကြားနေရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေ့လယ်ပိုင်း သေနတ်သံတွေ ရပ်သွားပြီးနောက်ပိုင်းမှာ လေယာဉ်နဲ့ တစ်ခါပြန်ပြီး ပစ်နေတယ်ဆိုပြီးတော့ ဒေသခံတွေက ပြောပါတယ်” ဟု ဦးထွန်းသာစိန်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းဆီ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
(လုံခြုံရေးအရ ဒေသခံများ၏ အမည်ကို ဖော်ပြနိုင်ခြင်း မရှိပါ)