ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဖွဲ့စည်းရေးအတွက် ဆက်သွယ် ညှိနှိုင်းခဲ့ခြင်းမရှိဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က Myanmar Now ကို ပြောသည်။
NUG သမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ ဗိုလ်နဂါးနှင့် ဆွေးနွေးစဉ်က ပြောဆိုသည့် အချက်များတွင် ထိုအဖွဲ့ ဖွဲ့စည်းရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာ မပါဝင်ခဲ့ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။
“ဗိုလ်နဂါးကို အွန်းလိုင်းကနေ လက်ခံတွေ့ဆုံ စကားပြောတုန်းက BNRA နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာ လုံးဝမရှိခဲ့ပါဘူး။ ဗိုလ်နဂါးဘက်ကလည်း တင်ပြဆွေးနွေးတာမရှိပါဘူး။ သမ္မတကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ဆွေးနွေးတာ မရှိပါဘူး၊ သိလည်း သိရှိခဲ့ခြင်းမရှိပါဘူး” ဟု ဦးကျော်ဇော်က ပြောသည်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အခြေစိုက်လှုပ်ရှားသော မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ကို တည်ထောင်သူ ဗိုလ်နဂါးက ဦးဆောင်မည့် BNRA သည် စက်တင်ဘာလ ၉ တွင် အသစ်ပြောင်းလဲ ဖွဲ့စည်းထားသည့် တော်လှန်ရေးအင်အားစုတစ်ခု ဖြစ်လာသည်။
ဗိုလ်နဂါး ဦးဆောင်ခဲ့သည် MRDA ကို BNRA အဖြစ် ပြောင်းလဲဖွဲ့စည်းမှုသည် ၎င်း၏ ဆုံးဖြတ်ချက်သာဖြစ်သည့်အတွက် သီးသန့်မှတ်ချက်ပေးစရာမရှိဟုလည်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
BNRA ဖွဲ့စည်းရသည့် အကြောင်းရင်း
BNRA ပြောင်းလဲဖွဲ့စည်းမည့် အခြေအနေနှင့် ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီးနှင့် မျက်နှာချင်းဆိုင် ရက်ရှည်ကြာ ဆွေးနွေးခဲ့သလို သမ္မတကြီးကိုလည်း အွန်လိုင်းတွင် ဆွေးနွေးပြီးမှ တည်ထောင်ခြင်းဖြစ်သည်ဟု ဗိုလ်နဂါးက ပြောဆိုပြီး ထိုပြောဆိုချက်ရုပ်သံကို BNRA ၏ facebook တွင် စက်တင်ဘာ ၉ ရက်နေ့ ရက်စွဲဖြင့် တင်ထားသည်။
BNRA တွင် ဗိုလ်နဂါးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်သည်။ အဆိုအဖွဲ့တွင် MRDA အပါဝင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်ပေးကွပ်ကဲမှုစနစ် (CoC) အောက်တွင် မပါဝင်သည့် လက်နက်ကိုင်အင်အားစုများ၊ ဒေသခံကာကွယ်ရေးအဖွဲ့ (LDF) တို့ကို စုစည်းထားသည်။
NUG ၏ တော်လှန်ရေးလုပ်ငန်းစဉ်များကို ဝန်းရံအားဖြည့်သွားမည်ဟု BNRA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပြန့်ကျဲနေတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရအနေနဲ့ လက်ကြားယိုနေတဲ့ အဖွဲ့အစည်းတွေ စုပြီးတော့ BNRA ကို ဖွဲ့စည်းရခြင်းဖြစ်တယ်။ ဒီကိစ္စကို အားလုံးပြောနေကြသလို တစ်စင်ထောင်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်ကျိုးအတွက်လည်း ဖွဲ့တာမဟုတ်ဘူး” ဟုလည်း BNRA ဖွဲ့စည်းရသည့် အကြောင်းရင်းကို ဗိုလ်နဂါးက ထုတ်ပြန်ပြောဆိုသည်။
ဗိုလ်နဂါးနှင့် အွန်လိုင်းတွေ့ဆုံမှု
ဗိုလ်နဂါးကို သမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးဦးရည်မွန်တို့ မေလ ၂ ရက်နေ့က တွေ့ဆုံမှုသည် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်ပေးကွပ်ကဲမှုစနစ်အောက် ဗိုလ်နဂါး ဦးဆောင်သည့် MRDA မနေနိုင်သေးချိန်ကာလ၌ ပူးပေါင်းဆောင်ရွက်မည့်အရေးကိုသာ ဆွေးနွေးခြင်းဖြစ်ပြီး အဖွဲ့သစ် ထူထောင်ရေးကိစ္စကို နှစ်ဖက်လုံးက ဆွေးနွေးမှုမရှိခဲ့ဟု ဦးကျော်ဇောက ပြောသည်။
အဆိုပါတွေ့ဆုံမှုသည် စစ်အာဏာရှင်စနစ်မြစ်ဖြတ်ရေး အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန် တိုက်ပွဲဝင်နေသည့် မြေပြင်တော်လှန်ရေးရဲဘော်များနှင့် ခေါင်းဆောင်များကို အသိအမှတ်ပြုခြင်း၊ တော်လှန်ရေးအင်အားစုများအကြား ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ရေးအတွက် တွေ့ဆုံခဲ့ခြင်းသာဖြစ်သည်ဟု ဦးကျော်ဇောက ပြောသည်။
“တော်လှန်ရေးကို အမြန်ဆုံးအောင်မြင်ဖို့ အရေးကြီးဆုံးအချက်တစ်ခုဖြစ်တဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းတည်ဆောင်ထားတဲ့ CoC မှာ တော်လှန်ရေးအင်အားစုတွေ ညီညီညွတ်ညွတ်ပါဝင်ဖို့၊ မြေပြင်မှာ တည်ဆောက်ထားတဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေးယန္တရားတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ညှိနှိုင်းဆောင်ရွက်ဖို့အတွက်ပါ။ CoC မဝင်နိုင်သေးရင်လည်း မဝင်နိုင်သေးတဲ့အဖွဲ့တွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ။ အဲဒါအတွက် အဓိကပေါ့” ဟု ၎င်းက တုံ့ပြန်သည်။
ထိုတွေ့ဆုံမှုသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်များ စစ်ဒေသအလိုက် တည်ဆောက်ထားသည့် COC တွင် ပါဝင်ဆောင်ရွက်ကြရန်၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုင်ရာ ယန္တရားများနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန်၊ တော်လှန်ရေးအလွန်ကာလတွင် အကောင်အထည်ဖော်ရမည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်များတွင် လက်ခံပါဝင် ဆောင်ရွက်ရေးကိုသာ အလေးထားဆွေးနွေးခဲ့သည်ဟု သမ္မတရုံးကလည်း ယနေ့ (စက်တင်ဘာ ၁၂ ရက်) တွင် ထုတ်ပြန်ထားသည်။
MRDA တွင် တပ်ရင်း ၁၈ ရင်း ရှိနေသည်၊ တပ်ရင်းအရေအတွက် ထပ်တိုးလာဖွယ်ရှိသည်ဟု ဗိုလ်နဂါး၏ စက်တင်ဘာ ၉ ရက်နေ့ အွန်လိုင်းရုပ်သံထုတ်ပြန်ချက်အရ သိရသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်ပေးကွပ်ကဲမှုစနစ်အောက်တွင် တပ်ရင်း၊ တပ်ဖွဲ့ ၃၀၀ ခန့် ရှိသည်။ မြို့နယ်ပေါင်း ၂၅၀ ကျော်မှ ဒေသကာကွယ်ရေးအဖွဲ့ (LDF) များနှင့်လည်း ပူးပေါင်း၍ စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်နေသည်။
ထိုလက်နက်ကိုင် အစုအဖွဲ့များတွင် ဗိုလ်နဂါးဦးဆောင်သည့် ပုလဲမြို့နယ်အခြေပြု MRDA လည်း ပါဝင်သည်။ ခုခံတွန်းလှန်မှု ၂ နှစ်ကျော်လာချိန်တွင် NUG နှင့် MRDA အကြား မပြေလည်မှုများရှိနေသည့် အကြောင်းကို သြဂုတ်လ ၁၁ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ဗိုလ်နဂါးက ပြောဆိုခဲ့သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်း၏ အမိန့်ပေးကွပ်ကဲမှုစနစ်အောက်တွင်ရှိသော ဗိုလ်နဂါး၏ တပ်ရင်း ၄ ရင်းကို ထုတ်ပယ်ကာ ထောက်ပံ့မှုများ ရပ်ဆိုင်းလိုက်ကြောင်း ဗိုလ်နဂါးက အဆိုပါ ထုတ်လွှင့်မှုတွင် ပြောဆိုခဲ့သည်။
အဆိုပါ တပ်ရင်း ၄ ရင်းမှာ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် (၃)၊ အမှတ် (၄)၊ အမှတ် (၅) နှင့် အမှတ် (၆) တို့ဖြစ်သည်။ ယင်းသို့ ထုတ်ပယ်ရခြင်းအကြောင်းကို မသိရသော်လည်း MRDA အနေဖြင့် ကိုယ်တိုင်ရပ်တည်နိုင်သည့်အတွက်ကြောင့် ထုတ်ပယ်လိုက်သည်ဟု သက်ဆိုင်ရာက ပြောဆိုသည်ဟု ဗိုလ်နဂါးက ပြောဆိုထားသည်။
အဆိုပါဖြစ်စဉ်ပြီးနောက် ထုတ်ပယ်ခံရသည့် တပ်ရင်း ၄ ရင်းကလည်း တပ်ရင်းမှူးများကိုယ်တိုင် လက်မှတ်ထိုးထားသော ကြေညာချက်တစ်စောင် သြဂုတ် ၂၆ တွင် ထွက်ပေါ်လာခဲ့သည်။
ထို့ပြင် ထုတ်ပယ်ခံရသည့် တပ်ရင်း ၄ ရင်းမှ တပ်ရင်းမှူးများကို သြဂုတ် ၁၅ တွင် ဗိုလ်နဂါးက အစည်းအဝေးခေါ်ကာ NUG လက်အောက်တွင် ရပ်တည်တော့မည် မဟုတ်ကြောင်း၊ တပ်ကိုလည်း BNRA အဖြစ် ပြောင်းလဲဖွဲ့စည်းကာ သီးသန့်ရပ်တည်မည့်အကြောင်း ပြောဆိုခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ထုတ်ပယ်ခံရသည့် တပ်ရင်း ၄ ရင်းမှ တပ်ရင်းမှူးများသည် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်၌သာ ရပ်တည်မည်ဟုဆိုကာ ဗိုလ်နဂါးလက်အောက်မှ နုတ်ထွက်ခဲ့ကြသည်။
၎င်းတို့ကို NUG ကာကွယ်ရေးဌာနကလည်း လက်အောက်ခံတပ်ရင်းများအဖြစ် အသိအမှတ်ပြုထားကြောင်း ထုတ်ပယ်ခံရသည့် တပ်ရင်းမှူးများ၏ သြဂုတ် ၂၆ ရက်စွဲတပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကြေညာချက်ထုတ်ပြန်ပြီး နှစ်ပတ်ကျော်အကြာ စက်တင်ဘာ ၉ တွင် BNRA အဖြစ် ဖွဲ့စည်းကြောင်း တရားဝင် ထုတ်ပြန်လာခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)