သတင်း

ဖားကန့်မြို့၊ ဟောင်းပါးရွာရှိ KIA တပ်ကို စစ်ကောင်စီတပ် ဝင်တိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့အနောက်ဘက် မိုင် ၂၀ ခန့်ဝေးသည့် ဟောင်းပါးရွာတွင် ယာယီစခန်းချ ရပ်နားနေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပါဝင်သည့် ပူးပေါင်းတပ်သည် ယနေ့ (စက်တင်ဘာ ၁၁) နံနက်တွင် စစ်ကောင်စီတပ်နှင့် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

နံနက် ၆ နာရီ ဝန်းကျင်ခန့်တွင် တိုက်ပွဲပြီးဆုံးသွားရာ KIAနှင့် PDF တပ်များ တပ်စွဲထားသည့် ဘုန်းကြီးကျောင်းမှ ဆုတ်ခွာခဲ့သည်ဟု အသက် (၃၀) ကျော်အရွယ် PDF တပ်ဖွဲ့ဝင် အမျိုးသားက ပြောသည်။

“သူတို့က လူ ၈၀ လောက်နဲ့ လာဝိုင်းပြီး ပစ်တာပေါ့၊ လက်နက်ကြီးနဲ့လည်း ပစ်တယ်၊ အဲဒီလိုနည်းနဲ့ ဝင်လာတာ။ ကျွန်တော်တို့က အရင်ဦးအောင် ပစ်လိုက်တာ၊ ကင်းစောင့်နေတဲ့သူက အရင်မြင်ပြီးတော့ ပစ်တာ၊ ဒါပေမဲ့ ကျွန်တော်တို့မှာရှိတဲ့ လူအင်အားနဲ့ သူတို့လူအင်အားနဲ့က မမျှတဲ့အခါကျတော့ ဒီဘက်က နောက်ဆုတ်ပေးလိုက်တာ”

KIA, PDF ပူးပေါင်းတပ်များ ဆုတ်ခွာပေးလိုက်သည့်အတွက် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်မွှေနှောက်ကာ ပစ္စတိုတစ်လက်၊ ကားတစ်စီး၊ ဆိုင်ကယ်နှစ်စီးနှင့် အသုံးအဆောင်တချို့ ယူဆောင်သွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုအချို့ ရှိနိုင်သော်လည်း KIA, PDF ပူးပေါင်းတပ်မှ ထိခိုက်၊ ကျဆုံးမှု မရှိကြောင်း အထက်ပါ KPDF တပ်ဖွဲ့ဝင်က ပြောသည်။

စစ်တပ် ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် KIA တပ်မှ ၅ ဦး ကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများနှင့်တကွ သတင်းများဖော်ပြနေပြီး အဆိုပါ သတင်းများကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လေကြောင်းမှ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် ဟောင်ပါးဒေသခံအများစုမှာလည်း နီးစပ်ရာကျေးရွာများနှင့် တောတောင်များအတွင်းသို့ တိမ်းရှောင်နေရသည်ဟု အသက် (၂၉) နှစ်အရွယ် ဟောင်ပါးရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“တောထဲတွေလည်း နေကြတယ် တောင်တွေကြားထဲလည်း နေကြတယ်၊ ရွာအနီးတွေမှာလည်း နေကြတာပေါ့၊ ကျွန်မတို့က ဒီတောထဲနားထဲပဲ နေကြတာ၊ အလုပ်တွေက ရှိသေးတော့ အဝေးမသွားဘူး၊ ဒီနေ့ညတော့ ရွာထဲ မဝင်ရဲသေးဘူး ကြောက်တယ်၊ ကျွန်မတို့နားတင် လက်နက်ကြီးကျထားတာ”

တိုက်ပွဲပြီးသည့်နောက် စစ်ကောင်စီတပ်က ဟောင်ပါးဒေသခံအချို့ကို ဖမ်းဆီးသွားပြီး ၃ မိုင်ခန့် ဝေးသည့် တာမခံရွာသို့ ပြန်လည်ဆုတ်ခွာသွားသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

အဆိုပါ စစ်ကြောင်း တာမခန်ရွာတွင် တပ်စွဲထားသည်မှာ ရက်အနည်းငယ် ကြာမြင့်နေပြီးဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ် တာမခန်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု အသက် (၅၀) ကျော်အရွယ် တာမခန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“မနက် ၅ နာရီ ၆ နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးတွေ ပစ်ကြတယ်၊ ၆ နာရီကျော်ကျော်လောက်ကျတော့ အသံက တိတ်သွားပြီ၊ တာမခန်ဒေသခံတွေကတော့ ရှောင်တာတော့ မရှိဘူး၊ နည်းနည်းလေးတော့ တိတ်သွားတာပေါ့” ဟု အထက်ပါ တာမခံဒေသခံက ပြောသည်။

စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားပြီးနောက် KIA, PDF ပူးပေါင်းတပ်များက အင်အားထပ်မံဖြည့်တင်းကာ ဘုန်းကြီးကျောင်းအတွင်း တပ်ပြန်စွဲထားသည်ဟု PDF အဖွဲ့ထံမှ သိရသည်။

လတ်တလောတွင် ဟောင်းပါး၊ တာမခံမှ ဖားကန့်သွားရာ လမ်းကြောင်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး ဖားကန့်မြို့အထွက်ရှိ ကသိုဏ်းတောင်စစ်တပ်စခန်းကလည်း လမ်းပိတ်ထားသည်ဟု သိရသည်။

ဖားကန့်မြို့အနောက်ဘက် ၆ မိုင်ခန့်အကွာ ကသိုဏ်းတောင်ပေါ်တွင် ရှိပြီး ဖားကန့်မှတစ်ဆင့် တာမခံ၊ ဟောင်ပါးနှင့် ဆယ်ဇင်းကျေးရွာများသို့ သွားရာ လမ်းပိုင်းကို စိုးမိုးထားသည့် အဆိုပါ စခန်းကို ဩဂုတ် ၇ ရက်နေ့တွင် KIA တပ်က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်မှ အကျအဆုံးများခဲ့သည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ရာ KIA လှုပ်ရှားထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲပြင်းထန်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ်တွင် ကျောက်စိမ်းအကျိုးစီးပွားများရှိရာ ဖားကန့်မြို့နယ်က ရှေ့ဆုံးမှ ဦးဆောင်နေသည်၊ လိုင်ဇာဌာနချုပ်အနီးကို စစ်ကောင်စီတပ်က ပစ်မှတ်ထားလာပြီးနောက် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လာသည်။

ဇူလိုင်လဆန်းပိုင်းမှစတင်ကာ KIA ဌာနချုပ် လိုင်ဇာမြို့နှင့် ၁၂ မိုင်ခန့်သာ ဝေးသည့် လိုင်ဇာသို့ အဓိကဝင်ပေါက်ဖြစ်သည့် နမ်ဆန်ယန်ရွာကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က အင်အား ၁၀၀၀ ခန့် အသုံးပြုကာ ထိုးစစ်ဆင်နေခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button