
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ တွင် စတင်ကြေညာခဲ့သော်လည်း ရခိုင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာဖြင့် လာကြည့်သူအရေအတွက် နည်းပါးသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ပြောသည်။
မဲစာရင်းလာကြည့်သူ နည်းပါးရခြင်းမှာ ၂၀၁၉ က တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ခဲ့သောကြောင့် မိမိအမည်ပါဝင်လိမ့်မည်ဟု စိတ်ချ၍ လာကြည့်သူနည်းပါးခြင်းဖြစ်နိုင်ပြီး ရပ်ဝေးများသို့ ခရီးထွက်နေသောကြောင့်လည်း ဖြစ်နိုင်သည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွန်းက ပြောသည်။
“ကျွန်တော်တို့ သွားကြည့်တဲ့အခါမှာတော့ လာကြည့်တဲ့သူက တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ တွေ့တယ်။ ဒါပေမယ့် ကျွန်တော်တို့က မဲစာရင်းကြည့်ဖို့ ဆော်ဩနေတာလည်းရှိတော့ တဖြည်းဖြည်းတော့ စိတ်ဝင်စားမှုများလာမှာပါ”ဟု ၎င်းက ဆိုသည်။
စစ်တွေမြို့ ဓညဝတီရပ်ကွက်တွင်မူ ယနေ့နံနက်ပိုင်းကပင် မွန်းလွဲ ၁၂ နာရီကျော်အထိ မဲစာရင်းလာကြည့်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဘဲ ဇူလိုင် ၂၅ မှ ယနေ့အထိ မဲစာရင်းလာကြည့်သူ ၅၀ ဦးခန့်သာ ရှိသေးသည်ဟု ရပ်ကွက်တာဝန်ရှိသူများက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲကာလကမူ မဲစာရင်း လာရောက်ကြည့်သူရှုသူ များပြားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် လူဦးရေ ၂၀၀,၀၀၀ ခန့်မှာ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေကြရသည်။
မဲပေးခွင့်ရှိသူ စုစုပေါင်း ၁၆ သိန်းကျော် ရှိသည့် ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဦးဆောင်ပါတီ(AFP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) စသည့်ပါတီများ အဓိက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ANP ပါတီက ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၃၅ နေရာအနက် ၂၂ နေရာ၊ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ၄၅ နေရာဖြင့် တစ်နိုင်ငံလုံးတွင် တတိယအများဆုံး အနိုင်ရခဲ့သည့် ပါတီဖြစ်သည်။
ရခိုင်ပြည်နယ် တိုက်ပွဲဖြစ်ပွားရာမြို့နယ်အချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမရှိဘဲ လစ်လပ်နေရာဖြစ်နေသည်။ ထို့ကြောင့် အဆိုပါနေရာများတွင် ရွေးကောက်ပွဲမကျင်းပဖြစ်မည်ကို ရခိုင်တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးသမားများက စိုးရိမ်မှုများလည်း ရှိနေသည်။
လူဦးရေ ၃၀,၀၀၀ ကျော် ခိုလှုံနေသည့် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်း၌မူ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းပါးသည်ဟု စခန်းတာဝန်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် စစ်ဘေးရှောင်မပြောနဲ့ တစ်ယောက်မှလည်း ရွေးကောက်ပွဲ စိတ်မဝင်စားကြဘူး။ ရွာသားတွေလည်း မဲစာရင်းကိုလာလို့လည်းမကြည့်ကြဘူး”ဟု ၎င်းက ပြောသည်။
သို့သော် တောင်ကုတ်မြို့နယ်တွင်မူ မဲစာရင်းလာကြည့်သူမှာ ၂၀၁၅ ကဲ့သို့ ပုံမှန်အတိုင်းမြင်တွေ့ရသည်ဟု တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ပြောသည်။
မဲစာရင်းလာကြည့်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကလည်း နှိုးဆော်ရန်လိုအပ်သည်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။
“အဓိကတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း မဲစာရင်းကပ်တယ်ဆိုတာကို မြို့ပတ်ပြီး ကြေညာဖို့ လိုတယ်။ နောက်တစ်ခုက လူထုကိုယ်တိုင်က မဲပေးဖို့ စိတ်မဝင်စားကြတာနဲ့ မဲပေးလို့လည်း လွှတ်တော်တွေမှာ ဘာမှထူးခြားတာ မရှိတာကိုလည်း တွေ့ရတယ်။ အဲဒါကြောင့်လည်းပါမှာပါ”ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးခိုင်ကောင်းစံက ပြောသည်။
မဲစာရင်းမှားယွင်းမှုများ ရှိနေပါက မဲမပေးနိုင်သည့်အတွက် မဲစာရင်း မဖြစ်မနေ သွားရောက်စစ်ဆေးကြရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွန်းက တိုက်တွန်းသည်။
“မဲစာရင်းလေးတော့ သွားကြည့်ပေးကြပါလို့။ ကိုယ့်အိမ်မှာ လာကောက်ထားပေမယ့် စိတ်ချလို့လည်း မနေနဲ့။ လူလုပ်တာဖြစ်တဲ့အတွက် ကျန်ကောင်းကျန်နိုင်တာပေါ့။ ဒါကြောင့် မပေါ့နဲ့။ မဲစာရင်းမှာမပါရင် မဲပေးလို့မရဘူး။ ဒါကြောင့် မဲစာရင်းကို ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ဦးသူရိန်ထွန်းက ပြောသည်။