စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ပိုင်းရှိ ဒေသကာကွယ်ရေးအဖွဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်က စက်တင်ဘာ ၆ နံနက်တွင် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး သေဆုံးသွားသည်။
မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်ကြားရှိ ထိုစခန်းစီးနင်းခံရစဉ် လွတ်လာမြောက်လာသူများ ရှိသော်လည်း ၆ ဦး ဖမ်းဆီးခံခဲ့ရသည်။
ဖမ်းမိထားသူများအားလုံးကို လက်ပြန်ကြိုးတုပ်၊ ဝမ်းလျားမှောက်ခိုင်းပြီး ပစ်ခတ်ခဲ့သည်ဟု လွတ်မြောက်လာသူ အမျိုးသားက ပြောသည်။
စီးနင်းခံရမှုအတွင်း အသတ်ခံရသူများမှာ ၁၉ နှစ်အရွယ် ရဲဘော် ထက်ကြီး၊ ၂၃ နှစ်အရွယ် ကိုဘော်ဘောဘော၊ ၂၄ နှစ်အရွယ် ရဲဘော်ချိုကြီးနှင့် ၂၆ နှစ်အရွယ် ရဲဘော်ဆန်နီတို့ဖြစ်သည်။ စစ်ကောင်စီတပ်က တချို့ကို ခြေထောက်နှစ်ဖက်လုံး ကျိုးသွားသည်အထိ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
“တန်းစီပစ်တာ။ သူတို့ကို သေပြီဆိုပြီး ကျင်းထဲမှာ ပစ်ထည့်ထားခဲ့တာ။ သူတို့ ပြန်ထွက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ဝင်တော့ နှစ်ယောက်ကတော့ ဆေးဝါးမီသွားတယ်။ ကယ်လို့ရတဲ့သူတွေကလည်း တော်တော်ဆိုးဆိုးရွားရွားပါ” ဟု ပြောသည်။
အသက်ရှင်နေဆဲ ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးမှာ ဦးခေါင်းနှင့် ခါးတို့တွင် ကျည်ထိထားကြောင်း၊ ထိုအထဲမှ ၂၆ နှစ်အရွယ် အမျိုးသားမှာ လက်တစ်ဖက်ချိုးခံထားရကြောင်း သိရသည်။
စစ်တပ်ပြန်ထွက်သွားပြီးနောက် နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် စခန်းမီးရှို့ခံထားရသည်ကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်က ထို ၆ ဦးကို ပစ်ခတ်ပြီးနောက် စခန်းနှင့် မလှမ်းမကမ်းနေရာရှိ ကျင်းထဲတွင် စုပြုံထည့်ထားခဲ့ဟု ဆိုသည်။
“ပစ်ခတ်ပြီးတော့ ကျင်းထဲမှာ မိုင်းနဲ့ ဖို့ခဲ့တာ။ မိုင်းတွေက လက်လုပ်မိုင်းတွေဆိုတော့ မကွဲဘူး။ ကျွန်တော်တို့ စခန်းမှာရှိတဲ့ မိုင်းတွေနဲ့ပဲ” ဟု ၎င်းက ပြောသည်။
အပြန်အလှန် ပစ်ခတ်မှုမရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လေးဖက်လေးတန်ဝိုင်းကာ တရစပ်ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ စီးနင်းခံရသည့်နေရာနှင့် တပ်ဖွဲ့အမည်ကို လုံခြုံရေးအခြေအနေကြောင့် ၎င်းက ဖြေဆိုရန် ငြင်းဆိုသည်။
ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားသူနှစ်ဦးမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု သိရသည်။
စီးနင်းမှုအတွင်း လက်နက်နှင့် ခဲယမ်းများ ဆုံရှုံးခဲ့သလို စခန်းရှိ အဆောက်အအုံများကို စစ်ကောင်စီတပ်က မီးရှို့သွားခဲ့သည်ဟု သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်းမရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)