မန္တလေးမြို့ မြောက်ဘက်ကပ်လျက်တွင် ရှိသည့် မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ် ဖမ်းထားသူများထဲမှ အသက် ၆၀ ကျော် ၂ ဦးကို မန္တလေး စစ်ကြောရေးစခန်းသို့ ယနေ့ (စက်တင်ဘာ ၇ ရက်) တွင် ပို့ဆောင်လိုက်သည်ဟု ဒေသခံများက ပြောသည်။
မတ္တရာမြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာများသို့ စက်တင်ဘာ ၅ ရက်နေ့တွင် အင်အား ၄၀ ခန့်ပါ စစ်ကြောင်းတစ်ကြောင်း၊ ၅ ရက်နေ့တွင် အင်အား ၅၀ ကျော်ပါ စစ်ကြောင်းတစ်ကြောင်းတို့ ဝင်ရောက်လာကာ အောင်ချမ်းသာနှင့် ပန်းသလဲကျေးရွာတို့ရှိ ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲကာ နေထိုင်ကြသည်။
စက်တင်ဘာ ၆ တွင် တောင်ယာတဲများအတွင်း ခိုလှုံနေကြသူတို့ကို ဖမ်းဆီးခဲ့သည်ဟု မတ္တရာမျိုးမှန် ဒေသကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုဒေါင်းလမ်းက ပြောသည်။
“တောတိုက်တွေထဲ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေကို ဖမ်းခေါ်သွားတာ၊ သူတို့ စခန်းချတဲ့ ဘုန်းကြီးကျောင်းတွေကို ခေါ်သွားတယ်၊ ရိုက်နှက်နှိပ်စက်တာတွေလည်း လုပ်တယ်” ဟု သူက ဆိုသည်။
ဖမ်းဆီးခံရသူများသည် စစ်ကောင်စီစစ်ကြောင်းဖြတ်သန်းလာသည့် လမိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဖြစ်ပြီး စုစုပေါင်း ၂၈ ဦး ရှိသည်၊ ကြပ်ပြင်ကျေးရွာတစ်ခုတည်းမှ ၁၅ ဦး ပါဝင်သည်ဟု ဒေသခံတို့က ဆိုသည်။
ထိုအထဲမှ ၂ ဦးကို မန္တလေးစစ်ကြောရေးစခန်းသို့ ပို့လိုက်သည်၊ ကျန်ဒေသခံများကို စက်တင်ဘာ ၇ ရက်နေ့ (ယနေ့) နေ့လယ်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဖမ်းဆီးခံရပြီး ဘုန်းကြီးကျောင်းထဲ ခေါ်သွားခံရသူတွေထဲက အသက် ၆၀ ကျော်လောက်စီ ရှိတဲ့ အမျိုးသားတစ်ဦးရယ်၊ အမျိုးသမီးတစ်ဦးရယ်ကို စဖမ်းကတည်းက ရိုက်နှက်နှိပ်စက်တာတွေ လုပ်တယ်” ဟု ဖမ်းဆီးခံရပြီး လွတ်မြောက်လာသူများကို ကိုးကားပြီး အဆိုပါ ဒေသခံက ပြောသည်။
ထိုနှစ်ဦး၏ အမည်၊ နေရပ်၊ စစ်သားတို့ ရိုက်နှက်ကြသည့် အကြောင်းရင်းများကို မသိရသေးပါ။
မတ္တရာမြို့နယ်တွင် စစ်တပ်က ဒေသခံများကို ဖမ်းဆီးပြီးနောက် နယ်နိမိတ်ချင်း ကပ်လျက်ရှိသည့် မန္တလေးမြို့လယ်မှ စစ်တပ်ထဲသို့ ပို့လေ့ရှိသည်။
မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်များက မကြာခဏ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းလျက်ရှိသလို တောတောင်ထူထပ်သည့် အဆိုပါဒေသတွင် နယ်မြေစိုးမိုးမှုယူထားသည့် တော်လှန်ရေးတပ်ဖွဲ့များကလည်း မကြာခဏ ခုခံတိုက်ခိုက်လေ့ရှိသည်။
ဇူလိုင်လလယ်ကလည်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့များက ဆည်တော်ကြီး ရေလှောင်တမံအနီးရှိ အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်ကို ၁၀၇ မီလီမီတာ ဒုံးများဖြင့် ပစ်ခတ်ခြင်း၊ ကင်းစခန်းကို စီးနင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။
မန္တလေးတိုင်းနှင့် ကပ်လျက် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းသို့ အာဏာသိမ်းတပ်၏ စစ်ကြောင်း ၆ ခု ယခုလ ပထမပတ်တွင် စတင်ဝင်ရောက်နေမှုကြောင့် ကျေးရွာများစွာမှ ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ရွာစုစုပေါင်း ၅၃ ရွာမှ ဒေသခံများ တိမ်းရှောင်နေရခြင်းဖြစ်ကာ စစ်ရှောင်အရေအတွက် အတိအကျကို မသိရှိနိုင်သေးသော်လည်း သောင်းနှင့်ချီ ရှိနိုင်သည်ဟု ယုံကြည်ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)