သတင်း

မင်းပြားမြို့နယ်တွင် တိုက်ပွဲပြင်းထန်မှုကြောင့် ကားအစီး ၂၀၀ ကျော် ပိတ်မိခဲ့

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ယနေ့ (ဇူလိုင် ၂၃) နေ့လယ်ပိုင်းအထိ ပစ်ခတ်မှုများရှိနေဆဲဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးကြောင့် ကားအစီး ၂၀၀ ကျော်ပိတ်မိနေကြောင်း ဖားပြို(ရခိုင်)ရွာ သခ်ျိုင်းတောင်ပေါ်တွင် တပ်စွဲထားသည့် တပ်မတော်စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ကို ကြားနေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ဒါပေမဲ့ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ သူတို့က ဘယ်ဘက်ကို ပစ်တယ်ဆိုတာကိုတော့ မသိဘူးဗျ။ ပစ်တာကိုပဲ ကြားနေရတယ်။ အမြဲတမ်းပစ်တာတော့ မဟုတ်ဘူး။ အခုပစ်တာ ၄ ချက်၊  ၅ ချက် ရှိနေပြီ”ဟု ယနေ့ နေ့လယ်ပိုင်းဆက်သွယ်မေးမြန်းရာတွင် အဆိုပါဒေသခံက ပြောသည်။ 

ယမန်နေ့က ရာမောင်တံတား‌ရှေ့ဘက် ဖားပြို(ရခိုင်ရွာ) နှင့် သုံးဖာလုံးခန့်အကွာ စစ်တွေ-ရန်ကုန် ကားလမ်းဘေးတွင် နံနက် ၁၁ နာရီခန့်ကနေစတင်ပြီး ညနေ ၄ နာရီကျော်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ဒေသခံများနှင့် ခရီးသွားများ စိုးရိမ်ကြောက်လန့်နေခဲ့ရကြောင်း အမ်းသားကျေးရွာမှ ကိုလေးဖြူဆိုသူက ပြောသည်။

စစ်တွေဘက်မှ လာသည့်ကားများမှာ ရာမောင်တံတား ဇက်ကူးတို့ဆိပ်တွင် ပိတ်မိနေခဲ့ပြီး ရန်ကုန်ဘက်မှ လာသည့်ကားများမှာ ငစရိုင်းချောင်းအနီးတွင် ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီခန့်တွင် ပစ်ခတ်သံများ ရပ်တန့်သွား၍ ပြန်လည်သွားလာနိုင်ခဲ့သည်ဟု ဆိုသည်။ 

ဇူလိုင် ၂၀ ကလည်း ဖားပြို(ချင်း)ရွာနှင့် မေလွမ်းကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖားပြို(ချင်း) ရွာမှ အသက် ၄၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ကျောကုန်းတွင် ကျည်ဆန်ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။ 

ရာမောင်တံတားအနီး ပတ်ဝန်းကျင်တွင် ယခုလအတွင်း ထိတွေ့တိုက်ပွဲ သုံးကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောဆိုသည်။

“ဒီလအတွင်း ရာမောင်တံတားအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာ သုံးကြိမ်ရှိပြီ။ မနေ့က တိုက်ပွဲဖြစ်လို့ ကားတွေပိတ်မိနေ‌တော့ ကားပေါ်မှာပါတဲ့ ခရီးသည်တွေကို ချက်ပြုတ်ကျွေးမွေးဖို့ လုပ်လိုက်ရသေးတယ်။ ခရီးသည်တွေက ထမင်းတွေတော့မစားခဲ့ကြတော့ဘူး။ သေနတ်သံတွေ နည်းနည်းအေးသွားတာနဲ့ သွားလိုက်ကြတယ်” ဟု ကိုအမ်းသားကြီးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၀ တွင် ကိုရိုနာဗိုင်းရပ်စစ်ဆေးရန် အာခေါင်တို့ဖတ်နမူနာများ ယူဆောင်လာသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကားတစ်စီးသည် မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး၌ ပစ်ခတ်ခံခဲ့ရသဖြင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့သည်။ 

တိုက်ပွဲဖြစ်ပွားခဲ့သည့်အနီးမှ ဖားပြို(ရခိုင်)ရွာတွင် အိမ်ခြေ ၃၀၀ ကျော်နှင့် လူဦးရေ ၁,၂၀၀ ကျော်ရှိပြီး လက်ရှိတွင် ကျေးရွာသားအားလုံးမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု ဖားပြို(ရခိုင်)ရွာမှ ရွာသားတစ်ဦးက ပြောဆိုသည်။

Related Articles

Back to top button