သတင်း

ထားဝယ်ထောင်တွင် ဝန်ထမ်းများကို ဖမ်းပြီး စစ်တပ်ဝင်အုပ်ချုပ်

မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် ထောင်အရာရှိများကို မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတို့ဖြင့် ဖမ်းဆီး အမှုဖွင့်ပြီးနောက် စစ်တပ်က တိုက်ရိုက် အုပ်ချုပ်နေသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက Myanmar Now ကို ပြောသည်။

ဩဂုတ် ၁၄ တွင် ထားဝယ်ထောင်ဝန်ထမ်းအိမ်ရာရှိ ဒုထောင်ပိုင် ဦးသူရိန်ထွန်း၏ နေအိမ်တွင် ဆေးခြောက်၊ ICE နှင့် စိတ်ကြွဆေးပြားများ၊ ကျည်ဆန်များနှင့် ဖုန်းအလုံး ၈၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ကာယကံရှင်ကိုသာမက ထောင်ပိုင် ဦးအောင်နိုင်ဖေကိုပါ ထောင်ဒဏ်နှစ်ရှည်ချနိုင်သည့် ပုဒ်မများဖြင့် ဖမ်းဆီးခဲ့သည်။

ထိုဖမ်းဆီးမှုများအပြီး အကျဉ်းထောင်အုပ်ချုပ်ရေးယန္တရားကို စစ်တပ် ဗိုလ်မှူးတစ်ဦးက ဦးဆောင် ကိုင်တွယ်လိုက်သည်၊ နိုင်ငံရေးအကျဉ်းသားများကိုလည်း နေ့စဉ် ရိုက်နှက်၊ နှိပ်စက်နေသည်ဟု ထားဝယ်ထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။

“စစ်တပ်က အကုန်လုံး ဝင်လာပြီးတော့ စစ်တပ်ပဲ အလုပ်လုပ်နေတယ်။ ထောင်ယန္တရားတစ်ခုလုံးကို စစ်တပ်ကပဲ ချုပ်ကိုင်ထားတဲ့ သဘောမျိုးပေါ့။ သူတို့ အကုန်လုံး ထိန်းထားတယ်။ သူတို့ပဲ အကုန်လုံး လုပ်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုသူက ပြောသည်။

ထို့ပြင် တယ်လီဖုန်းတွေ့ရှိသည့် အကြောင်းပြချက်ဖြင့် သြဂုတ် ၂၆ ရက်နေ့က ရိုက်နှက်၊ နှိပ်စက်ခံရသဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားသည့် နိုင်ငံရေးအကျဉ်းသား လူငယ်တစ်ဦး ဆေးကုသမှု ခံယူနေရသည်ဟု ၎င်းက ဆက်ပြောသည်။

“သူ့ကို ထောင်ခြောက်လ ထပ်တိုးချလိုက်ပြီးတော့  ရိုက်သတ်မယ်၊ အစဖျောက်မယ်၊ နိုင်ကျဉ်းတွေကို အပြင်ခေါ်ပြီးတော့ သတ်မယ်၊ ဖြတ်မယ် ဆိုပြီးတော့ ခြိမ်းခြောက်တာမျိုးတွေကတော့ နေ့တိုင်းပဲ” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းမြို့တော် ထားဝယ်တွင် ရှိသည့် အကျဉ်းထောင်ကို စစ်တပ်က တိုက်ရိုက်အုပ်ချုပ်နေ၍ အကျဉ်းသားအခွင့်အရေး ပိုမို ဆုံးရှုံးနေသည်ဟု ၎င်းက ဆက်ပြောသည်။

လတ်တလော ပိုမိုဆိုးဝါးလာသည့် အခြေအနေများက ထိုထောင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ တနင်္သာရီတိုင်းဝန်ကြီးချုပ် အသက် ၅၀ အရွယ် ဦးမြင့်မောင်ကိုလည်း ထိခိုက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“ဝန်ကြီးချုပ်ကလည်း အရင်က အခန်းအပြင်ကို လမ်းလျှောက်ခွင့်ရသေးတယ်။ ခုကတော့ အခန်းအပြင်ကို လုံးဝ ပေးမထွက်တော့ဘူး။ အစားအသောက်တွေကိုလည်း စားမရအောင် လုပ်ပြီးတော့ ပညာသားပါပါနဲ့ နှိပ်စက်တာပေါ့” ဟု ၎င်းက ပြောသည်။

ထားဝယ်ထောင်အတွင်း ပိုမို ဆိုးဝါးလာသော အခြေအနေများသည် စစ်တပ်၏ တနင်္သာရီတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း ထားဝယ်ထောင်ကို ဇူလိုင်လက ဝင်ရောက်စစ်ဆေးရာမှ အစပြုခဲ့သည်။

ထိုသို့ စစ်ဆေးပြီးနောက် စစ်တပ်က ထားဝယ်ထောင်တွင်း မူးယစ်ဆေးဝါး ပျံ့နှံ့နေသည်ဟု စွပ်စွဲကာ ထောင်ပိုင်၊ ဒုထောင်ပိုင်တို့ကို ဖမ်းဆီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

၂ ဧက ကျော်သာ ကျယ်ဝန်းသည့် ထားဝယ်အကျဉ်းထောင်သည် အကျဉ်းသားဦးရေ ၆၀၀ ခန့်သာ ထားရှိနိုင်သော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် အကျဉ်းသား ထောင်ကျော်ထိရှိနေပြီ ဖြစ်သည်။

ထောင်ဒဏ်နှစ်ရှည်ချနိုင်သည့် ပုဒ်မများဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၆၀ နီးပါးရှိသည့် ထောင်ပိုင် ဦးအောင်နိုင်ဖေနှင့် အသက် ၄၅ အရွယ် ဒုထောင်ပိုင် ဦးသူရိန်ထွန်းတို့မှာ နိုင်/ကျဉ်းများနှင့် အပြန်အလှန်လေးစားမှုရှိပြီး ညှိနှိုင်းဆောင်ရွတ်တတ်သူများဖြစ်သည်ဟု မကြာခင်က အကျဉ်းထောင်က လွတ်မြောက်လာသူ နိုင်/ကျဉ်းတစ်ဦးက ပြောသည်။

“ကျွန်တော်ရှိနေတဲ့ အချိန်အထိကတော့ ထောင်မှာကတော့ ငေါက်ငန်းတာ၊ နှိပ်စက်တာမျိုး မရှိပါဘူး။ အများစုက မူးယစ်မှုနဲ့ ထောင်ကျတာ များတယ်။ လူသတ်မှု နည်းတယ်။ အုပ်စု ၂ စုပဲ ရှိတယ်။ နိုင်/ကျဉ်းနဲ့ မူးယစ်ပဲ ရှိတယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်ထောင်တွင်း မူးယစ်ဆေးမှုနှင့် ပတ်သက်ပြီး ထောင်ဆေးမှူးကြီး အပါအဝင် အကျဉ်း​ထောင်ဝန်ထမ်း ၁၀ ဦးခန့်ကို ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ဒေသတွင်းသတင်းဌာန The Tanintharyi Times က သြဂုတ်လ ၂၇ တွင် ရေးသားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button