ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီး ဇူလိုင် ၁၂ နှင့် ၁၃ တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် အနီးအနားကျေးရွာများနှင့် မောင်တောမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများမှ လူဦးရေ ၃,၀၀၀ ခန့် နေရပ်စွန့်ခွာကာ တိမ်းရှောင်နေကြသည်ဟု စစ်ဘေးရှောင်များအရေးကူညီပေးနေသူများက ပြောသည်။
ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA) တို့အကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့စဉ် လက်နက်ကြီးကျည်နှင့် ကျည်ဆန်များ ရွာအတွင်း ကျရောက်သဖြင့် ဒေသခံ သုံးဦး ဒဏ်ရာအနည်းငယ် ရရှိသွားပြီး အသက် ၆၀ ကျော်အရွယ်အမျိုးသားတစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့သည်ဟု မိသားစုဝင်များက ပြောဆိုထားသည်။
ယင်းတိုက်ပွဲ ဖြစ်ပွားခဲ့မှုကြောင့် ချိန်ခါလီကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားများအားလုံး နီးစပ်ရာရွာများသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ ထို့နောက် ထပ်မံတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဒေသခံအများအပြား ဇူလိုင် ၁၄ နှင့် ၁၅ တွင် ထပ်မံတိမ်းရှောင်နေကြသည်။
တိုက်ပွဲမဖြစ်ပွားသော ကျေးရွာများရှိ ဒေသခံများမှာလည်း ၎င်းတို့ ရွာအနီး နယ်ခြားစောင့်စခန်း ရှိနေ၍ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် မနေရဲတော့ဘဲ ထွက်ပြေးရခြင်းဖြစ်သည်ဟု အင်းဒင်ကျေးရွာသစ် (အောင်သုခရွာ) မှ စစ်တွေမြို့သို့ ထွက်ပြေးလာသော အမျိုးသမီးကြီးတစ်ဦးက Myanmar Now ကို ပြောသည်။
“ငါတို့ရွာနားမှာလည်း ဟိုဘက်ကလည်း စခန်း၊ ဒီဘက်ကလည်းစခန်း၊ အနီးလေးကပ်နေတော့ ကလေးတွေနဲ့ ကြောက်လို့သွားကြတာ။ နေရတာက သူတို့က ဖြစ်သွားရင် ရွာသားတွေကိုပဲ ဒုက္ခပေးတယ်။ သူတို့မှာ သူတို့ဟာသူတို့ တိုက်ပြီးတော့ သူတို့ဟာသူတို့ မဖြေရှင်းဘဲ ရွာသားကိုပဲ ဒုက္ခပေးတယ်။ ကလေးတွေနဲ့ သမီးအပျိုတွေနဲ့ မနေရဲလို့ သွားကြတာပါ” ဟု ယင်းအမျိုးသမီးကြီးက ပြောသည်။
စစ်ဘေးရှောင်များအရေးကူညီပေးနေသူများထံမှ Myanmar Now က ရရှိထားသည့် စာရင်းများအရ နေရပ်စွန့်ထွက်ထွက်ပြေးနေကြသူများမှာ ရသေ့တောင်မြို့နယ်အတွင်းရှိ အောင်ချမ်းသာ၊ ကိုးတန်ကောက်၊ ချိန်ခါလီ၊ ဒုံးပိုက် ၊ အောင်ဗလ၊ ပေါက်တောပြင်ရွာများနှင့် မောင်တောမြို့နယ်တောင်ပိုင်းရှိ အင်းဒင်ကျေးရွာ၊ အင်းဒင်ကျေးရွာသစ် (အောင်သုခရွာ)၊ အင်းဒင်အလယ်ရွာ၊ ပဲရုံရွာတို့မှ ဖြစ်ကြသည်။
တိမ်းရှောင်သွားကြသူများသည် ရသေ့တောင်မြို့နယ် မယူကမ်းဒေသရှိ အငူမော်ကုန်တန်း၊ သံချောင်း၊ လောင်းချောင်းကျေးရွာများနှင့် ၎င်းတို့၏ နီးစပ်ရာဆွေမျိုးများရှိသည့် ကျေးရွာများသို့ အများစု ထွက်ပြေးနေကြပြီး စစ်တွေမြို့ပေါ်ရှိ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၊ မင်းဂံအကွက်(၁၃)၊ ကျေးတောစည်ပင်သာယာကျောင်းနှင့် ဓမ္မရာမဘုန်းတော်ကြီးကျောင်းသို့လည်း ရောက်ရှိခိုလှုံနေကြသည်ဟု ဒေသတွင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူတစ်ဦးဖြစ်သည့် ကိုကျော်မင်းခိုင်က ပြောသည်။
စစ်တွေသို့ ရောက်ရှိခိုလှုံနေသူ ၅၀၀ ခန့် ရှိပြီး ရသေ့တောင်ဘက်မှ ဒေသခံ ၄၀၀ ခန့်၊ မောင်တော အောင်သုခကျေးရွာဘက်မှ ၁၀၀ ခန့် ဖြစ်သည်ဟု ၎င်းက ပြောသည်။
“သူတို့စားရေးသောက်ရေးကိုတော့ ဒီက သာမန် တစ်သီးပုဂ္ဂလအလှူရှင်တွေက ကူညီပေးထားပါတယ်” ဟု သူက ပြောသည်။
စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရ၍ ဝမ်းရေးလုပ်ကိုင်စားသောက်ရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ ကိုယ့်အိမ်ကိုယ့်ယာဖြင့် အေးချမ်းစွာနေထိုင်ပြီး လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ဒေသတွင်း စစ်ရေးတင်းမာမှုကို အမြန်ဆုံးရပ်တန့်ပေးစေလိုကြောင်း ချိန်ခါလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောသည်။
“ကိုယ့်အိမ်ကိုယ့်ယာမှာ ကိုယ်မိသားစုနဲ့ ပျော်ပျော်ရွှင်တော့ အားလုံး နေချင်ကြတယ်။ ဘယ်သူမှ ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ခွာပြီး မသွားချင်ဘူးလေ။ မသွားချင်ရင်လည်း အခုက တိုက်ပွဲဖြစ်နေတဲ့ကာလဆိုတော့ အသက်လောက် တန်ဖိုးရှိတာ ဘာမှ မရှိတော့ဘူးလေ။ အသက်တစ်ခု ချမ်းသာဖို့အတွက် လွတ်ရာလွတ်ကြောင်းကို ပြေးနေရတာပါ” ဦးထွန်းတင်စိုးက ပြောသည်။
လက်ရှိတွင် ချိန်ခါလီကျေးရွာနှင့် ကိုးတန်ကောက်ရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အခြေအနေ တည်ငြိမ်နေသော်လည်း ဒေသခံများမှာ ဆက်လက်တိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၈ ဒီဇင်ဘာမှစ၍ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA) တို့အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြသည့် စစ်ဘေးရှောင်ဦးရေမှာ တစ်နေ့ထက်တစ်နေ့ များပြားလာနေသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်ဦးရေမှာ ဇူလိုင် ၇ အထိ ၂၀၀,၀၀၀ နီးပါးရှိနေပြီး ဇူလိုင် ၁၄ ကလည်း နေရပ်ထပ်မံစွန့်ခွာထွက်ပြေးသူ ၃,၀၀၀ ခန့် ရှိသည်ဟု စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး Rakhine Ethnics Congress (REC) က ထုတ်ပြန်ထားသည်။