သတင်း

စစ်ကိုင်းမြို့ စစ်ကြောင်းထိုးခံရပြီး PDF ၅ ဦး၊ အရပ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း ရက်သတ္တတစ်ပတ်ခန့် စစ်ကောင်စီတပ် စစ်ကြောင်းထိုး တိုက်ခိုက်စဉ် အရပ်သား ၂ ဦး၊ ဒေသကာကွယ်ရေးတပ်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ် ၁၅ ရက်နေ့ကစပြီး အင်အား ၂၀၀ ခန့်စီ ရှိသည့် စစ်ကြောင်းနှစ်ခုက မြို့နယ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့ကို ထိုးစစ်ဆင်ခဲ့သည်ဟု သိရသည်။

ဩဂုတ် ၁၉ ရက်နေ့က ပေါက္ကားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊ အရပ်သား ၃ ဦး ဒဏ်ရာရသွားသည်။

ဩဂုတ် ၂၁ ရက်နေ့တွင် ညောင်ပင်ရှည်ကျေးရွာသို့ ရောက်လာသည့် စစ်တပ်က မူးမြစ်တစ်ဖက်ကမ်းရှိ မူးမန္တလေးရွာအတွင်းသို့ စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ထိုနေ့တွင်ပင် ထန်းတောဆိပ်ကျေးရွာသို့ ဝင်ရောက် စီးနင်းရာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

အလောင်းကောက်ယူရန် သွားကြည့်သူလည်း ပစ်ခတ်ခံရကာ သေဆုံးသွားသည်ဟု ဆိုသည်။

မြင်းမူမြို့နယ် မူးမန္တလေးကျေးရွာအတွင်းသို့ ၆၀ မမ ဟု ယူဆရသည့် စိန်ပြောင်းကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် မူးမန္တလေးရွာမှ အမျိုးသမီးမှာ ခြေထောက်နှစ်ဖက် ပြတ်ထွက်၊ ဗိုက်ပေါက်ထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု အဆိုပါ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

“ပေါက္ကားကနေ စဝင်တော့ တိုက်ပွဲဖြစ်ပြီး ရဲဘော်နှစ်ယောက် ကျပါတယ်၊ မူးမန္တလေးရွာထဲကို ၆၀ မမ တွေနဲ့ ၃ လုံး ပစ်တာ၊ ရေချိုးနေတဲ့ အမျိုးသမီးအနားကို ကျတော့ အဲ့ဒီအမျိုးသမီး သေသွားတယ်” ဟု ပြောသည်။

စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ညောင်ပင်ရှည်ကျေးရွာတွင် ဝင်ရောက်စခန်းချထားသလို အနီးဝန်းကျင်ရှိ ရွာများသို့ လှည့်လည်သွားလာနေသည်။

ဩဂုတ်လ ၁၆ ရက်တွင် စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိသည့် ခက်ခကျေးရွာသို့ ဝင်ရောက်လာပြီး ကျေးရွာအတွင်းသို့ စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်စီးနင်းစဉ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်။

ခက်ခရွာကို စီးနင်းပြီး ဩဂုတ် ၁၇ ရက်နေ့တွင် ရွာကို မီးရှို့ခဲ့မှုကြောင့် အနောက်ဘက်တစ်ခြမ်းလုံး မီးလောင်သွားသည့်အပြင် ၂၁ ရက်နေ့တွင်လည်း ကျွန်းဦးတောကျေးရွာကို မီးရှို့ခဲ့သေးကြောင်း ဒေသခံတို့အဆိုအရ သိရသည်။

စစ်တပ်သည် ကချင်ပြည်နယ်စစ်မြေပြင်အတွက် လိုအပ်သည့် လက်နက်ခဲယမ်းကို မန္တလေး-မြစ်ကြီးနား ရထားလမ်းကို သုံးကာ ပို့ဆောင်နိုင်ရေး ကြိုးစားနေခြင်းဖြစ်ပြီး၊ ယင်းရထားလမ်းတစ်လျှောက်ရှိ ကျေးရွာများကို စီးနင်းနေသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

စစ်ကိုင်းမြို့ စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

လက်ရှိတွင် စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းနှစ်ခု၏ ရန်ကြောင့် မြို့နယ်အရှေ့ပိုင်းတွင် ရထားလမ်းတစ်လျှောက်မှ ရွာများ၊ အနောက်ပိုင်းတွင် မူးမြစ်အရှေ့ဘက်ကမ်းရွာများဖြစ်သည့် ပေါက္ကား၊ မူးသာ၊ မကျည်းကုန်း၊ မူးဇင်ပင်၊ အင်းစ၊ တောင်ကြား၊ အင်းမ၊ တလိုင်းကျွန်း၊ အိုင်းဓမ္မ၊ ဘုရားလှ၊ ကူးတို့ဆိပ်၊ ပေါက်မ စသည့် ကျေးရွာမှ ဒေသခံထောင်ချီတို့ ပြေးလွှားတိမ်းရှောင်နေကြရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button