
ယမန်နေ့ (ဩဂုတ် ၂၀) တွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာချင်းဆက် ကားလမ်းကို စစ်တပ်က စက်ယန္တရားများဖြင့် ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေအတွင်း၊ ရွှေကျင်မြို့နယ် ခြေတော်နှင့် သရက်ချောင်းရွာအကြားရှိ ထိုလမ်းပိုင်းကို ယမန်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
လမ်းဖျက်ဆီးခံရသည့် အခြေအနေနှင့် ပတ်သက်၍ မြေပြင်ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်ဆေးက ဆိုပြီး ရွှေကျင်ဒေသခံတစ်ဦးကမူ လမ်းအဖျက်ခံရသည်မှာ ဟုတ်မှန်သည်ဟု ပြောသည်။ သို့သော် အသေးစိတ်မသိရပေ။
ကျေးရွာချင်းဆက်လမ်းကို မြေတူးစက်ဖြင့် သုံးပေခန့် နက်သည်အထိ ကန့်လန့်ဖြတ်တူးဆွ ဖျက်ထားသည်ကို ဒေသခံများ ရိုက်ကူးထားသည့် ဓာတ်ပုံတွင် တွေ့ရသည်။
ဝါရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU ၏ တပ်မဟာ (၁) နှင့် (၆) နယ်မြေတို့ရှိ ကားလမ်းများကိုလည်း အာဏာသိမ်းစစ်တပ်က လွန်ခဲ့သည့် မေလအတွင်း စက်ယန္တရားများ အသုံးပြုကာ လိုက်လံ ဖျက်ဆီးခဲ့သည်။ မွန်ပြည်နယ်အတွင်း ရွာချင်းဆက်လမ်းပိုင်း ငါးခု အပါအဝင် ကရင်ပြည်နယ်၌လည်း လမ်းပိုင်းအချို့ ဖျက်ဆီးခံရသည်။
စစ်ကောင်စီလုပ်ရပ်ကြောင့် ဒေသခံများ သွားလာရေး၊ စားဝတ်နေရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ ကျန်းမာရေးကိစ္စများတွင် ဒုက္ခကြုံတွေ့နေရသည်ဟု KNU တပ်မဟာ (၆) က မေလ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒေသတွင်း လမ်းပိုင်းများ ဖျက်ဆီးခံရပြီး လမ်းများပိတ်ဆို့ထားသဖြင့် သွားရေးလာရေးနှင့် ပတ်သက်၍ ဒုက္ခရောက်ခဲ့ရကြောင်း ရွှေကျင်ဒေသခံ အမျိုးသားက ပြောသည်။
“ကျွန်တော့်မိန်းမ အူအတက်ပေါက်လို့ ထမ်းစင်နဲ့ သယ်ပြီး နေ့တစ်ပိုင်းလောက် ကားရတဲ့နေရာထိ ထမ်းသွားခဲ့ရတာ။ ဆေးရုံရောက်တော့ အချိန်မီလို့ အသက်တော့ မသေခဲ့ဘူး… အရမ်းဒုက္ခရောက်တယ်”
ကရင်အမျိုးသားအစည်းအရုံးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်နေသည့် ပဲခူးတိုင်းအရှေ့ခြမ်းရှိ လူနေကျေးရွာများကို စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။
စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိသည့်နည်းတူ လူနေကျေးရွာများလည်း ထိခိုက်ပျက်စီးနေကြောင်း၊ ယခုလ ၁၃ ရက်မှ ၁၆ အထိ ညောင်လေးပင်ခရိုင်အတွင်း ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရသည်ဟု KNU က ဩဂုတ် ၁၇ တွင် ထုတ်ပြန်သည်။
ထို့ပြင် မုန်းမြို့နယ်အတွင်းရှိ နောင်ဘို၊ လက်တက်ကြီး၊ ငတိုးခင် ၊ ခင်နောက်မီး၊ ရေပြာ၊ ကျွန်းကုန်း၊ သစ်ဖြူဆိတ်၊ ဇလုပ်ကြီး၊ လှေဒိုး၊ သနပ်ကွင်း၊ ညောင်ခြေထောက် စသည့် ရွာပေါင်း ၁၁ ရွာမှ ကျေးရွာ ၁၁ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNU က ယနေ့ ထပ်မံထုတ်ပြန်သည်။
အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး၊ ထိခိုက်မှုများကို မှတ်တမ်းယူထားကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်ဆေးက Myanmar Now ကို ယနေ့ (ဩဂုတ် ၂၁) ပြောသည်။
“ရွာထဲ လက်နက်ကြီးပစ်လို့ အရပ်သားတွေ သေဆုံးတာကတော့ အချက်လက်တွေ စုဆောင်းပြီးတော့ နိုင်ငံတကာကို အသိပေးသင့်တာတွေ အသိပေးထားတာရှိပါတယ်။ ရှေ့တန်းကို သေသေချာချာ ညွှန်ကြားထားတယ်။ မှတ်တမ်းတွေယူထားဖို့ ပြောထားပါတယ်”
ဒေသတွင်းရှိ စစ်တပ်ကစခန်းကို တော်လှန်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်သည်ဟုလည်း သထုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယမန်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာရှိ အမှတ် (၅၉၈) ခြေမြန်တပ်ရင်းဂိတ်ကို ၄၀ မမ ငါးလုံးဖြင့် သွားရောက်ပစ်ခတ်စဉ် စစ်တပ်က ၄၀မမ နှစ်လုံးဖြင့် ပြန်လည်ပစ်ခတ်ရာ ရှမ်းစုရွာဟောင်းအနီး ကျရောက်ပေါက်ကွဲပြီး ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရသည်ဟု ဆိုသည်။
ထို့နောက် စစ်တပ်က လက်နက်ကြီးခြောက်လုံး ထပ်မံပစ်ခတ်ခဲ့ရာ အနီးရှိ ဝင်းကံရွာသို့ နှစ်လုံး၊ ရှမ်းစု အောက်ရွာအစပ်သို့ လေးလုံး ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။
လူနေကျေးရွာများကို ဦးတည်ပစ်ခတ်ရန် စစ်ကောင်စီက ၎င်း၏ တပ်များကို ညွှန်ကြားထားသည်ဟု အထက်ပါ PDF အမျိုးသားက ဆက်ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)