သတင်း

ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၍ တစ်ဦးသေဆုံး၊ သက်ကြီးရွယ်အိုများ ပိတ်မိနေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအနီး ဇူလိုင် ၁၃ နံနက်ပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော်( AA)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်  ရွာထဲတွင် ပိတ်မိနေသည့် သက်ကြီးရွယ်အိုများနှင့် သေဆုံးသူ၏ ရုပ်အလောင်းထုတ်ယူရန် အခက်အခဲရှိနေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောသည်။

လူဦးရေ ၆၅၀ ခန့်နေထိုင်သည့် ချိန်ခါလီကျေးရွာ၏ တစ်မိုင်ခန့်အကွာတွင် ဇူလိုင် ၁၂ နံနက်ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၃ နံနက်တွင် တိုက်ပွဲ ပိုပြင်းထန်လာခဲ့ကာ ရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံ သုံးဦးမှာ ဒဏ်ရာအနည်းငယ် ရရှိသွား၍ ရွာသားအများစုမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။  

ယမန်နေ့က တိုက်ပွဲအပြီး အသက် ၆၀ ကျော်အရွယ်ရှိ ဦးထွန်းမောင်စိန် ပစ်သတ်ခံရသည်ဟု မိသားစုဝင်များဘက်မှ ပြောဆိုခဲ့ကြပြီး အလားတူ ရွာထဲတွင် ပိတ်မိနေသည့် အသက် ၈၀ အရွယ် ဦးထွန်းစိန်မောင်လည်း နေအိမ်တွင် သေဆုံးနေသည်ကို ယမန်နေ့ ညနေ ၄ နာရီခန့်တွင် သိရှိရကာ မည်သည့်အတွက် သေဆုံးသည်ကို မသိရှိရသေးကြောင်း ဦးထွန်းတင်စိုးက ပြောသည်။

“သူ့ကိုတော့ ဘယ်လိုသေတာလဲ တစ်ယောက်မှလည်း မပြောနိုင်။ လက်နက်ကြီးကျလို့ သေတာလား၊ ပစ်သတ်သွားတာလား။ တစ်ယောက်မှလည်း မြင်တာမှမဟုတ်တာ။ သေနေတာကို တစ်ခုပဲ သိရတာလေ။ အဲဒီအလောင်းတွေကို ယူဖို့ လွှတ်တော်အမတ်တွေ၊ အုပ်ချုပ်‌ရေးမှူး ( မြို့နယ်)ကို ဖုန်းဆက်နေတယ်။ အလောင်းယူဖို့ မသွားရဲဘူး။ သွားလို့၊ လာလို့ မရဘူး ”ဟု ၎င်းက ဆိုသည်။

ယမန်နေ့ နံနက်ပိုင်းကတည်းက တိုက်ပွဲပြီးသွားသော်လည်း တပ်မတော်စစ်ကြောင်းမှာ ရွာအနီး ရှိနေသောကြောင့် လုံခြုံရေးစိုးရိမ်ကာ သွားရောက်ရန် အခက်အခဲရှိနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

အရပ်သားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး တပ်မတော်သားများသည် ရွာထဲသို့ဝင်လာပြီး အသက် ၆၀ ကျော်အရွယ်ရှိ ဦးထွန်းမောင်စိန်ကို မေးမြန်းစစ်ဆေးကာ အိမ်ရှေ့တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့သည်ဟု သမက်ဖြစ်သူ ဦးတင်သိန်းက စွပ်စွဲထားသည်။

ဦးထွန်းမောင်စိန်သည် ဇနီးဖြစ်သူနှင့်အတူ ဆိုင်ခန်းတွင် ပုန်းခိုနေစဉ် တပ်မတော်သားများသည် ဆိုင်ခန်းနောက်ဘက်မှ ဝင်လာကာ ၎င်းတို့ကို တွေ့ရှိသွားပြီးနောက် “ဘာလုပ်နေလဲလို့မေးတယ်။ ဘာလို့ပုန်းနေလဲ။ ကြောက်လို့ပုန်းနေတယ်လို့ ပြောတယ်။ အဲဒီမှာဖြစ်သွားတာ ”ဟု ယောက္ခမဖြစ်သူ၏ပြောပြချက်ကို ဦးတင်သိန်းက Myanmar Now  ကို ပြောသည်။

ထိုသို့ပစ်ခံရပြီးနောက်တွင် သေသူ၏ဇနီး၊ ၎င်း၏ ယောက္ခမအား ထပ်မံခြိမ်းခြောက်စကားများ ပြောဆိုသောကြောင့် ရုပ်အလောင်းကိုတောင် ဂရုစိုက်ချိန်မရခဲ့ဘဲ စောင်တစ်ထည်ခြုံကာ ရွာအနီးရှိ ဆင်ပိုက်ကျေးရွာသို့ ထွက်ပြေးလာသည်ဟု ၎င်းက ဆိုသည်။ 

ရွာအတွင်း အသက် ၈၀ ရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး၏ မိခင်အပါအဝင် သက်ကြီးရွယ်အို ခုနစ်ဦးခန့် ပိတ်မိကျန်နေခဲ့သည်ဟု ဦးတင်သိန်းထံမှ သိရသည်။ 

“ကျွန်တော့်ယောက္ခမက အိမ်ထဲကနေပြီး တောင်ခြေရင်းတွေကို ပတ်ပြီး သူတို့နဲ့ ဝေးရာဝေးကြောင်း တောတွေကို ဖြတ်ပြီး ထွက်ပြေးလာတာ။ ကျန်ရှိလိုက်တဲ့ ရွာသူ၊ရွာသားတွေအတွက်လည်း စိုးရိမ်ပါတယ်”ဟု ၎င်းက ပြောသည်။

တပ်မတော်ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးသည်ဟူသည့် စွပ်စွဲချက်နှင့်ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက “အဲဒါလည်း ကျွန်တော်တို့ စိစစ်ကြည့်တယ်။ မဟုတ်ပါဘူးတဲ့ဗျာ ”ဟု ယနေ့  ပြောသည်။

ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ယင်းရွာအနီးတွင် AA က လမ်းကြောင်းတွင် စောင့်ဆိုင်းပြီး တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခြင်းဟု ဆိုသည်။   

ရွာထဲတွင် ပိတ်မိနေသူများနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ မည်သို့ဆောင်ရွက်ရန် ရှိသည်ကို  Myanmar Now က ထပ်မံမေးမြန်းရာတွင်  “တပ်မတော်ကတော့ ဘာမှလုပ်စရာ မရှိပါဘူး။ သူတို့ ရွာထဲမှာ သူ့ရွာနဲ့သူ နေကြတာပဲ။ တချို့ရွာတွေဆိုလည်း သူ့ရွာမှာသူ နေကြတာပဲ။ ဘယ်မှမသွားဘူး”ဟု ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲပိုမိုဖြစ်ပွားလာပြီး ဇူလိုင် ၁၁ကလည်း ပစ်ခတ်မှုများကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိထားသည်။

(မှတ်ချက် – မူလသတင်းတွင် သေဆုံးသူနှစ်ဦးဟု ဖော်ပြထားသော်လည်း ဇူလိုင် ၁၅ ရက်နေ့ ညနေပိုင်းသတင်းအရ သေဆုံးသူမှာ အသက် ၆၀ အရွယ် ဦးထွန်းစိန်မောင်တစ်ဦးတည်းသာဖြစ်သဖြင့် မူလသတင်းကို ပြန်လည်ပြင်ဆင်ထားပါသည်) 

Show More

Related Articles

Back to top button