စစ်ကိုင်းတိုင်း၊ မုံရွာထောင်မှ အကျဉ်းသားများကို တင်လာသည့် မော်တော်ယာဉ် ဩဂုတ် ၁၅ တွင် မိုင်းခွဲ တိုက်ခိုက်ခံရသဖြင့် နိုင်ငံရေးအကျဉ်းသားများထဲမှ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာအပြင်းအထန် ရသွားသည်။
ထိုနေ့က ထရပ်ကားများထဲတွင် မုံရွာထောင်မှ မန္တလေးထောင်နှင့် မြင်းခြံထောင်သို့ ပြောင်းရွှေ့မည့် အကျဉ်းသား ၁၀၀ ကျော် ပါဝင်ပြီး သေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ် ဒေါက်တာဇော်ထွယ်အောင် ဖြစ်သည်ဟု မုံရွာမြို့အခြေစိုက် တော်လှန်ရေးအင်အားစုတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လေးယောက်လောက် ဒဏ်ရာရတယ်။ အဲဒီထဲက ဒေါက်တာကတော့ ကျဆုံးသွားပြီ။ သူနဲ့တူတူ ခြေချင်းခတ်ထားတဲ့ လူငယ်တစ်ယောက်ကလည်း အခု သွေးထွက်လွန်ပြီး စိုးရိမ်ရတယ်” ဟု သူက ပြောသည်။
ယာဉ်တန်းပါ လက်နက်ကိုင်များအနက် ရဲတစ်ဦး သေဆုံး၊ ရဲတစ်ဦး ဒဏ်ရာရသည်ဟု အထက်ပါ တာဝန်ရှိသူထံမှ သိရသည်။
ဒေါက်တာဇော်ထွယ်အောင် သေဆုံးသွားမှုကို မိသားစုဝင်တစ်ဦးနှင့် မုံရွာမြို့ခံနှစ်ဦးက အတည်ပြုသည်။
စစ်တပ်ကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့သလို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ပြီး Chindwin Medical Network ကို ဦးစီးတည်ထောင်ခဲ့သည့် ဒေါက်တာဇော်ထွယ်အောင်မှာ စစ်ကိုင်းတိုင်းရှိ ခုခံတော်လှန်မှုပြင်းထန်သည့်၊ စစ်ရှောင်ပြည်သူများရှိသည့် ကနီ၊ ယင်းမာပင်၊ မင်းကင်းမြို့နယ်တို့တွင် နယ်လှည့်ဆေးကုသပေးခဲ့သည့် ကချင်တိုင်းရင်းသား ဆရာဝန်ဖြစ်သည်။
၂၀၂၁ စက်တင်ဘာ ၂၅ ရက်နေ့က မုံရွာမြို့ နေအိမ်၌ ရှိနေစဉ် ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခံရပြီး ထောင်ဒဏ် ၁၀ နှစ် ချခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ သိရသည်။
ဒေါက်တာဇော်ထွယ်အောင်၏ ရုပ်အလောင်းကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု သတင်းရသော်လည်း အခြေအနေ အသေးစိတ်မသိရသေးဟု ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့မည့်အကြောင်း တော်လှန်ရေးအင်အားစုများက သတင်းကြိုရခဲ့ပြီး မည်သည့်ကား၌ အကျဉ်းသားများ လိုက်ပါလာမည်ဆိုသည့်အခြေအနေကိုပါ သိရှိခဲ့ကြသည်ဟု မိတ်ဆွေဖြစ်သူက ဆိုသည်။
ယာဉ်တန်းတွင် ကြေးနီတင်မော်တော်ယာဉ်ပါဝင်မှု
အကျဉ်းသားများကို ထောင်ပြောင်းရာတွင် တစ်ယောက်ချင်းဖြစ်စေ၊ နှစ်ယောက်တွဲဖြစ်စေ သံခြေချင်း ခတ်ထားတတ်သည်။
မုံရွာမြို့တောင်ဘက် ၆ မိုင်အကွာ၊ မုံရွာ-မန္တလေး လမ်းမပေါ်ရှိ မြေနဲရွာအနီး တိုက်ခိုက်ခံရသည့် ယာဉ်တန်းတွင် လက်ပံတောင်းတောင်စီမံကိန်းမှ ကြေးနီသယ်ဆောင်လာသော ကားများလည်း ပါဝင်သည်ဟု ဆိုသည်။
တရုတ်အစိုးရကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်သော လက်ပံတောင်းတောင်ဒေသ ကြေးနီတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းလုံခြုံရေး၊ တိုက်ခိုက်မခံရရေးအတွက် စစ်ကောင်စီက သတိထားလေ့ရှိသည်။
အတိုက်ခံရသည့် ယာဉ်တန်းတွင် ထောင်နှင့် ကြေးနီစီမံကိန်းမှ မော်တော်ယာဉ်အရေအတွက် မည်မျှစီ ပါဝင်ကြပြီး မည်သို့ ထိခိုက်သွားသည်၊ မည်သည့်နေရာ မည်သည့်အချိန်တွင် ထိုမော်တော်ယာဉ်များ စတင် ပူးပေါင်းခဲ့ခြင်းဖြစ်သည် စသည့် အချက်များကို မသိရသေးပေ။
ထောင်ပြောင်းရွှေမည့်သတင်း ရရှိခဲ့စဉ်က လမ်းခရီး၌ မိုင်းဆွဲခြင်း၊ ပြောက်ကျားတိုက်ခိုက်ခြင်းများ မပြုလုပ်ရန် တော်လှန်ရေးအဖွဲ့အချင်းချင်း သတိပေးခဲ့ကြသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များနှင့် ဒေါက်တာဇော်ထွယ်အောင်၏ မိတ်ဆွေက ပြောသည်။
“အချုပ်သားတွေ ပါမယ် ဆိုတဲ့ သတင်းက ကြိုပေါက်တယ်။ အဖွဲ့အစည်းတွေက လှမ်းပိတ်ကြတယ်။ အဖွဲ့က တအားများတော့ ဘယ်သူ ဆွဲလို့ ဆွဲသွားမှန်း မသိဘူး။ နောက်ပြီးကျတော့ ဆရာဝန်က ခေါင်းမှာ ခဲစလေး သေးသေးလေးပဲ အစ စင်ပြီး ဆုံးသွားတာ” ဟု ၎င်းက ပြောသည်။
ဒေါက်တာဇော်ထွယ်အောင်နှင့်အတူ သံခြေချင်း တွဲခတ်ခံထားရသည့် နိုင်ကျဉ်း ကိုအာကာငြိမ်းချမ်းမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး စိုးရိမ်ရသည်ဟု မုံရွာမြို့နယ်အတွင်းရှိ သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။
ဘုတလင်မြို့နယ်ဒေသခံ ကိုအာကာငြိမ်းချမ်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြစ်သော ၅၀ (ဈ)၊ ၅၄ နှင့် ၅၂ (က) တို့ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရသူ ဖြစ်သည်။
တိုက်ခိုက်မှုအပြီး အကျဉ်းသားများ၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။
စစ်ကောင်စီကမူ ၎င်းတို့၏ အစီအစဉ်ဖြင့် ထောင်ပြောင်းရွှေ့စဉ် အကျဉ်းသားသေဆုံးမှုနှင့် ပတ်သက်ပြီး ယနေ့ ဩဂုတ် ၁၇ အထိ သတင်းထုတ်ပြန်မှု၊ ပြောဆိုမှု မရှိဘဲ ထိမ်ချန်ထားဆဲ ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)