သတင်း

ခင်ဦးတောင်ပိုင်းတွင် NUG လက်အောက်ခံအဖွဲ့ အချုပ်ခန်း အစီးခံရ

ယနေ့ (ဩဂုတ် ၉) နံနက်တွင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တောင်ပိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အချုပ်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းပြီး ပြည်သူ့စစ် ခေါ် ပျူစောထီးနှင့် ဆက်စပ်၍ ဖမ်းဆီးထားသည့် အချုပ်သား ၂၀ ကျော်ကို ကယ်ထုတ်သွားကြောင်း သိရသည်။

ရွာသန်းရွာရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အချုပ်ခန်းကို စီးနင်းသူတို့မှာ ထိုနေရာ၏ မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ ရွှေဘိုမြို့နယ် အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းမှ လာသည့် အင်အား ၁၀၀ ဝန်းကျင်ရှိသော စစ်သားများ၊ ပျုစောထီးများ ဖြစ်သည်။

နံနက် ၄ နာရီခန့်တွင် စီးနင်းဝင်ရောက်ပြီးနောက် အချုပ်ခန်းနှင့် ရွာပတ်ပတ်လည်ရှိ ကင်းစခန်းများကို မီးရှို့သွားကြောင်း ဗိုလ်နတ်ဆိုးတပ်ဖွဲ့ဟု အမည်ပေးထားသည့် ခင်ဦးမြို့နယ် တိုက်နယ်ပကဖခေါင်းဆောင်က ပြောသည်။

“သူတို့ တပ်ဖွဲ့ဝင်တွေကို ကယ်ဖို့ကိုပဲ အဓိက ဦးစားပေးသွားတာပါ။ သူတို့ဝင်လာလို့ ထွက်ပြေးလာရတဲ့ ဒေသခံတွေကို အကာအကွယ်ယူပြီး ရွာသန်းအထိ ဝင်လာတာ တွေ့ရတယ်။ မနက်လင်းလင်းချင်း ရွာသန်းကို ရောက်ပြီး၊ ပျူတွေကို ချုပ်ထားတဲ့ အချုပ်ခန်းကို ရှာဖွေစီးနင်းပြီးတော့ ချက်ချင်း ပြန်ထွက်သွားတယ်” ဟု တိုက်နယ်ပကဖခေါင်းဆောင် ဗိုလ်နတ်ဆိုးက ဆိုသည်။

လွတ်မြောက်သွားသည့် အချုပ်သားအများစုမှာ ဒေသတွင်း ပျူစောထီးကျေးရွာဟု နာမည်ကြီးသည့် ရွှေဘိုမြို့နယ် ဖုတ်ကုန်းကျေးရွာမှဖြစ်ပြီး ၎င်းတို့ကို ပြီးခဲ့သည့် ရက်ပိုင်းကမှ ကာကွယ်ရေးအဖွဲ့များက ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အချုပ်သားများထဲတွင် အရပ်သားများပါဝင်နေသဖြင့် စစ်ဆေးနိုင်ရန် ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း ဗိုလ်နတ်ဆိုးက ဆိုသည်။

ယခင်ကလည်း တော်လှန်ရေးအဖွဲ့များ၏ အချုပ်ခန်းတည်နေရာကို စုံစမ်းပြီး စစ်ကောင်စီတပ်က စီးနင်းပြီး ချုပ်နှောင်ထားသူများကို ကယ်ထုတ်သွားခဲ့ဖူးသည်။

စစ်ကောင်စီတပ်သည် အချုပ်ခန်းတည်ရှိရာနေရာကို သတင်းအတိအကျရသဖြင့် တိုက်ရိုက် ဝင်ရောက် စီးနင်းခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်တောင်ခြမ်းမှ ပကဖအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဒီရွာကို တိုက်ရိုက်လာတာ၊ ကြားထဲက ရွာတွေဝင်ဦးမယ် ထင်နေတာ။ ညပိုင်းဆိုတော့ သိပ်မမြင်ရဘူးပေါ့။… ကိုယ့်ဘက်က (ကွင်း) ဗြောင်ကြီးဆိုတော့ ဘာအကွယ်မှ မရှိဘူးလေ။ ဒီအတိုင်း (ရှောင်) တိမ်းထွက်သွားရတာ။ ဘာမှ မလုပ်နိုင်လိုက်ဘူး။ သူတို့ မီးရှို့ပြီးတော့ ပြန်လိုက်တော့ မမီတော့ဘူး”

အဆိုပါစစ်သားများသည် အချုပ်ခန်းကို မီးရှို့ပြီးနောက် တောင်ဘက် ၄ မိုင်အကွာရှိ ဖုတ်ကုန်းကျေးရွာအတွင်း ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့် ရွာသန်း (ရသန်း) ကျေးရွာ အခြေအနေပြ မြေပုံ။

ထိုစစ်ကြောင်းကြောင့် ရွာသန်းကျေးရွာ အပါအဝင် ရေအေးကုန်း၊ ကျီးကန်၊ ပန်းတွင်း၊ လက်ပံလှ စသည့် ကျေးရွာများမှ ဒေသခံ ၅၀၀၀ ဝန်းကျင်ခန့် ထွက်ပြေးနေရသည်။

ထို့သို့ ပကဖအချုပ်ခန်း အစီးခံရသလို ခင်ဦးမြို့နယ်အနောက်ခြမ်းတွင်လည်း ယနေ့နံနက်က စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်များ လူနေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မရမ်းအင်းကျေးရွာနေ အသက် ၁၀ နှစ်အရွယ် မောင်ဇင်လင်းဖြိုး၊ ကိုဇင်မျိုးထွန်း (၃၃ နှစ်)၊ သားအမိများဖြစ်သော ဒေါ်ဝင်းစိန် (၆၇ နှစ်) နှင့် ဒေါ်မာလာဦး (၄၉ နှစ်) တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နံနက် ၆ နာရီခန့်က ရေဦး-ခင်ဦးလမ်းမတွင် အထိုင်ချထားသည့် စစ်သားများက အင်အား ၃၀ ဝန်းကျင်ဖြင့် အင်းပတ်ရွာဘက်သို့ ဝင်ရောက်လာစဉ် ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်တပ်က လက်နက်ကြီးများ ပစ်ကူခဲ့ရာ အင်းပတ်ရွာအရှေ့တောင်ဘက် မရမ်းအင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

“အင်းပတ်ရွာနားကို ကပ်လာတဲ့အဖွဲ့က ကျွန်တော်တို့မိုင်းကွင်းထဲကို ဝင်လာလို့ တိုက်မိုင်းရော၊ ဆွဲမိုင်းရော ထိသွားတဲ့အချိန်မှာ ရေဦးတိုင်းရင်းဆေးရုံအထိုင်တပ်ကနေလည်း ၁၂၀ (၁၂၀ မမ စိန်ပြောင်းများ) တွေနဲ့ လှမ်းပစ်တာရော၊ မြေပြင်တပ်ဖွဲ့က ပစ်တာတွေက မရမ်းအင်း (ရွာ) ထဲ ကျတာ” ဟု ခင်ဦးအနောက်ခြမ်း အခြေစိုက် KSO တပ်ဖွဲ့ တာဝန်ခံ ဗိုလ်လင်းရောင်က ဆိုသည်။

အထက်ပါဒဏ်ရာရသူများကို တော်လှန်ရေးတပ်ဖွဲ့များက ဆေးကုသမှုပေးနေကြောင်း သိရသည်။

ခင်ဦးအနောက်ခြမ်းကို ဝင်ရောက်နေသော အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ယနေ့ နံနက်တွင် ပကဖအဖွဲ့များနှင့် KSO အဖွဲ့က မိုင်းဖြင့် ခုခံတိုက်ခိုက်ရာ စစ်သားနှစ်ဦး သေဆုံးပြီး ရုပ်အလောင်းများကို ထော်လာဂျီ (ပုစဉ်းခေါင်း) တစ်စီး၊ ကားတစ်စီးဖြင့် လာရောက်သယ်ဆောင်သွားသည်ကို တွေ့ခဲ့ရကြောင်း KSO တပ်ဖွဲ့ထံမှ သိရသည်။

အင်းပတ်ရွာအပါအဝင် ကျေးရွာ ၃ ရွာထက်မနည်းမှ ဒေသခံ ၃၀၀၀ ဝန်းကျင်ခန့်သည်လည်း ယနေ့ နံနက်မှ စတင်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ရွှေဘိုတွင် အခြေစိုက်သော စစ်ကောင်စီတပ်များက နယ်မြေချင်း ထိစပ်နေသော ခင်ဦး၊ ဝက်လက်နယ်တို့ကို မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိပြီး အထူးသဖြင့် ခင်ဦးအနောက်ခြမ်းဒေသခံများ အများဆုံးထွက်ပြေးတိမ်းရှောင်ကြရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button