
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း၊ မိုးစဲကျွန်းတိုက်နယ် သာစည်ထောင့်ကျေးရွာအုပ်စု၊ ခြေရာတော်ကျေးရွာတွင် ဒေသခံများတိမ်းရှောင်နေကြစဉ် နေအိမ်အလုံး ၃၀ ကျော်ဖောက်ထွင်းခံရပြီး ပစ္စည်းများပျောက်ဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇွန် ၂၉ တွင် မိုးစဲကျွန်းတိုက်နယ်အတွင်းသို့ တပ်မတော်စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်အပြီး ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် မိမိတို့နေထိုင်ရာ မူလကျေးရွာသို့ ပြန်လည်ရောက်ရှိလာစဉ် ထိုသို့ အိမ်ဖောက်ထွင်းပြီး ပစ္စည်းများ ယူဆောင်သွားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
အိမ်ခြေ ၄၀ ခန့်နှင့် လူဦးရေ ၃၀၀ ခန့်နေထိုင်သည့် ခြေရာတော်ကျေးရွာရှိ နေအိမ်များနှင့် ဈေးဆိုင်များ ဖောက်ထွင်းခံရခြင်းဖြစ်ပြီး အဝတ်အထည်၊ စောင်၊ ဖုန်း၊ စားကုန်ပစ္စည်းများ၊ ဒဏ်ကြေလိမ်းဆေးများနှင့် ရွှေထည်ပစ္စည်းများ ယူဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါကျေးရွာအတွင်း ကုန်ပစ္စည်းမျိုးစုံနှင့် အဝတ်အထည်အရောင်းဆိုင် ဖွင့်လှစ်ထားသူ ဒေါ်ဆန်းဆန်းဦးသည် ကျပ်သိန်း၂၀ ဖိုးခန့် ပျောက်ဆုံးခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာရှိ မိခင်၏နေအိမ်သို့ ထွက်ပြေးနေစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
“အဝတ်တွေကအစ ပါသွားတာ။ ဘယ်ဟာပါသွားတယ် ဆိုတာကို မှတ်လို့က မရတော့ဘူး။ သိန်း၂၀ ဖိုးလောက် ပါသွားတာ။ အဝတ်တွေက အားလုံးတစ်သောင်းကျော်တန်တွေကို ယူသွားကြတာ။ ပုဆိုး၊ ထီး၊ ဖိနပ်၊ ဓာတ်မီး၊ အချိုရည်ဘူးတွေကအစ အားလုံးယူသွားတယ်။ ဆိုင်မှာက အားလုံးအစုံရှိတယ်။ ကွမ်းရွက်၊ ကွမ်းသီး၊ ဆား၊ ငပိ၊ ဟင်းချိုမှုန့်၊ ထွန်းရွှေဝါလိမ်ဆေး၊ သောက်ဆေး၊ ဆရာခိုဘူး၊ တစ်ခုမကျန် အကုန်ယူသွားတယ် ” ဟု ဒေါ်ဆန်းဆန်းဦးက Myanmar Now ကို ပြောသည်။
ဦးမောင်အေးသိန်း၏ နေအိမ်တွင် ကျန်ရှိခဲ့သည့် သေတ္တာကို ထုခွဲထားကာ နားကပ် (ရွှေထည်) တစ်ရံ ယူဆောင်သွားပြီး ပစ္စည်းများ ဖရိုဖရဲဖြစ်ကာ မွှေနှောက်ရှာဖွေထားသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။
“သမီး အပျိုမဝတ်တဲ့ နားကပ်တစ်ရံ ပါသွားတယ်။ ထွက်ပြေးတဲ့အချိန် ဘူးနဲ့ထည့်ထားခဲ့တာ ဘူးပါယူသွားတယ်။ ဒီနေ့ အိမ်ကို ပြန်ရောက်တဲ့အချိန် ရှာကြည့်တော့ မရှိတော့ဘူး။ အဲဒီနားကပ်က တစ်သိန်းရှစ်သောင်းနဲ့ ဝယ်ထားတာပါ” ဟု ဦးမောင်အေးသိန်း၏ ဇနီး ဒေါ်ဦးဆန်းယဉ်က ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ သင်းပုန်းတန်းရွာသို့ ထွက်ပြေးနေခဲ့သည့် ဦးစံကျော်ဖြူတို့မိသားစုနေအိမ်တွင်လည်း ကျပ်ရှစ်သောင်းတန်ဖိုးရှိ နားကပ်တစ်ရံပါသွားပြီး အိမ်ထောင်ပစ္စည်းအများအပြား ဖျက်ဆီးထုခွဲခံလိုက်ရသည်ဟု ဆိုသည်။
“ဒီနေ့ ပြန်ရောက်တော့ သေတ္တာခြောက်လုံးကို အားလုံး ဓားနဲ့ခုတ်ပစ်ခဲ့တယ်။ စစ်တပ်က လုပ်သွားတာပါ။ ပျက်စီးဆုံးရှုံးသွားတဲ့လူမှာကတော့ နည်းနည်းပါးပါးတော့ ပြန်လိုချင်တာပေါ့။ ဆင်းရဲဒုက္ခခံပြီး လုပ်စားနေကြတာ။ စောင်တစ်ထည် နှစ်သောင်းတန်လည်း ရှိတယ်။ သုံးသောင်းတန်လည်း ရှိတယ်။ သေတ္တာတစ်လုံးကိုလည်း လေးသောင်းတန်လည်း ရှိတယ်။ ငါးသောင်းတန်လည်းရှိတယ်။ မိသားစုခြောက်ယောက်၊ သေတ္တာခြောက်လုံး၊ အားလုံးကို ဓားနဲ့ခုတ်ပစ်ခဲ့တယ်” ဟု ဦးစံကျော်ဖြူ၏ ဇနီး ဒေါ်စံအေးနုက ပြောသည်။
ဇူလိုင် ၂ ရက် နေ့ခင်း ၁ နာရီခွဲခန့်တွင် ရွာထဲဝင်ရောက်လာသည့် တပ်မတော်စစ်ကြောင်းက နေအိမ်ပေါ်တက်ကာ မွှေနှောက်ရှာဖွေခဲ့သည်ဟု အဆိုပါကျေးရွာတွင် ပုန်းအောင်းကျန်ရှိနေခဲ့တစ်ဦးက ပြောသည်။
“ကျွန်တော်က ရွာမှာနေခဲ့တာ။ တစ်ခါမှလည်း ထွက်မပြေးဘူး။ စစ်တပ်လာရင်လည်း ထွက်မပြေးဘူး။ မနေ့က ကျွန်တော့်ကို တပ်ရင်းမှူးက ခေါ်ထားတယ်။ ရွာထဲက တစ်နေရာမှာ ခေါ်ထားတယ်။ ခေါ်ထားတဲ့အချိန်မှာ ကျန်တဲ့သူတွေက အိမ်တွေကို တက်မွှေတယ်။ မနေ့က နေ့လယ် ၁ နာရီခွဲလောက်ပဲ ရှိသေးတယ်။ အဲဒီအချိန်မှာယူသွားတာ” ဟု အမည်မဖော်လိုသည့် အဆိုပါကျေးရွာသားက ဇူလိုင် ၃ ရက်တွင် Myanmar Now ကို ပြောသည်။

တပ်မတော်စစ်ကြောင်းက ပစ္စည်းများယူဆောင်သွားသည်ဟူသော ဒေသခံများ၏ စွပ်စွဲပြောဆိုမှုနှင့် ပတ်သက်၍ နီးစပ်ရာစခန်းတွင် တိုင်ကြားနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
“နီးစပ်ရာတပ်စခန်းကို သွားတိုင်လို့ရတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရှိတယ်ဗျာ။ သွားတိုင်လို့ရတယ်။ အုပ်ချုပ်ရေးမှူးတွေရှိတယ်။ တိုင်လို့ရတယ်ဗျာ” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက Myanmar Now ကို ပြောသည်။
ထို့ပြင် ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတိုက်နယ်ရှိ ရေပိုက်ဆုံကျေးရွာမှ ရွာသားတစ်ဦးကို တပ်မတော်စစ်ကြောင်းက လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီး လမ်းတွင် ထုထောင်းရိုက်နှက်မှုများ ပြုလုပ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ရေပိုက်ဆုံကျေးရွာသားများက ပြောသည်။
ဥဂါကျေးရွာတွင် ရောက်ရှိနေသည့် တပ်မတော်စစ်ကြောင်းသည် ဇူလိုင် ၂၊ ညနေ ၅ နာရီခွဲခန့်တွင် ဥဂါကျေးရွာ၏ တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ဖြူချောင်းကျေးရွာဘက်သို့ သွားစဉ် ရေပိုက်ဆုံကျေးရွာမှ ရွာသားသုံးဦးကို လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီးနောက် လမ်းခုလတ်တွင် ရိုက်နှက်ခံရခြင်း ဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်သိန်းအောင်က ပြောသည်။
“သေနတ်ဒင်နဲ့ရိုက်တာတောင် မကသေးဘူး။ သေနတ်နဲ့လည်းပစ်တယ်။ သေနတ်နဲ့ပစ်တဲ့အချိန်မှာ သူက လက်နဲ့ သေနတ်ကိုဖယ်ပစ်လို့ ကျည်ဆန်က ခြေရင်းမှာ ကျတယ်။ အဲဒါကို သူတို့ ရွာကိုပြန်ရောက်တဲ့အချိန်မှာ ပြောပြတာပါ။ သူတို့က မနေ့က ညမိုးချုပ်ပြီးမှ ရွာကိုပြန်ရောက်ကြပါတယ်” ဟု ၎င်းက ပြောသည်။
တပ်မတော်စစ်ကြောင်းက လမ်းပြအဖြစ်ခေါ်ဆောင်ခံရသူသုံးဦးမှာ ရေပိုက်ဆုံကျေးရွာမှ အသက် ၅၀ အရွယ် ဦးကျော်လှစိန်၊ အသက် ၃၅ နှစ်အရွယ် မောင်ထွန်းမြနှင့် အသက် ၅၀ အရွယ် ဦးကျော်ငြိမ်း တို့ဖြစ်ကြပြီး ထိုအထဲမှ ဦးကျော်ငြိမ်းဆိုသူ ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် နယ်မြေရှင်းလင်းရေးပြုလုပ်မည်ဟူသော အမိန့် ကို ဇွန် ၂၆ ရက်တွင် ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ထောင်နှင့်ချီသော ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ဖဒူထွန်းအောင် ပူးပေါင်းရေးသားသည်။