
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ပေါ်၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေရာ တိမ်းရှောင်နေရသည့် ထောင်နှင့်ချီသော ဒေသခံများအတွက် အစားအသောက်၊ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။
အိန္ဒိယ-မြန်မာချစ်ကြည်ရေးတံတား တည်ရှိသော၊ ဇို၊ ထာဒို လူမျိုးအများစုနေထိုင်သော ထိုမြို့တွင် ဇူလိုင် ၂၂ မှ စ၍ စစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
တိုက်ပွဲများကြောင့် ခါမ်းပါတ်မြို့နှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများသည် ကလေးမြို့၊ တွန်းဇံမြို့များသို့ တိမ်းရှောင်သွားကြသလို အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံနေကြရသည်ဟု အသက် ၃၀ အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
ခါမ်းပါတ်မြို့ခံ အဆိုပါအမျိုးသားသည်လည်း ဇူလိုင် ၂၄ တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုရန်မှ လွတ်မြောက်ရေးအတွက် ကလေးမြို့သို့ ထွက်ပြေးခိုလှုံလာသူ ဖြစ်သည်။
လူဦးရေ ၁၀၀၀ ခန့်မှာ ကလေးမြို့ပေါ်ရှိ ဘုရားကျောင်းသုံးခုတွင် ခိုလှုံနေသလို လူဦးရေ ၇၀၀ ခန့်က အိန္ဒိယဘက်ခြမ်းတွင် တိမ်းရှောင်နေရသည်၊ အခြားစစ်ရှောင်များမှာ ကလေး၊ တွန်းဇံမြို့တို့ရှိ ဆွေမျိုးအိမ်များ၊ တောင်ယာများအတွင်း ခိုလှုံနေသည်ဟု အထက်ပါအမျိုးသားက ပြောသည်။
“လေယာဉ်လာတော့မှာလို့ တော်လှန်ရေးစစ်သားတွေက ပြောတော့ အဲဒါဆိုရင် နေလို့မရတော့ဘူးဆိုပြီး ခါမ်းပတ်ကနေ ထွက်ပြေးခဲ့တာ။ ၂၅ ကနေစပြီးတော့ လေယာဉ်နဲ့ လာပစ်တာပဲ။ စစ်ရှောင်တွေကတော့ ဘုရားကျောင်းတွေ၊ အမျိုးတွေအိမ်တွေမှာ တည်းကြတယ်။ ပုန်းနေရင်း ဘာမှ မပါဘဲ လာကြတာ”

ကလေးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များအနက် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များလည်း ပါဝင်ကာ ၎င်းတို့သည်လည်း အစားအသောက်၊ ဆေးဝါးနှင့် အဝတ်အစားများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။
လက်ရှိတွင် ဘုရားကျောင်းအသင်းတော်တာဝန်ရှိသူများက စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် ကူညီဆောင်ရွက်ပေးနေသော်လည်း လုံလောက်မှုမရှိဘဲ မနက်စာနှင့် ညစာသာ ကျွေးနိုင်သည်ဟု သိရသည်။
“ကြိုတင်ပြင်ဆင်ထားတဲ့ဟာ မဟုတ်တဲ့အခါကျတော့ စစ်ရှောင်တွေအတွက် အသင်းတော်တွေက အရေးပေါ်အစည်းအဝေးတွေလုပ်ပြီး ကူညီတယ်၊ ထမင်းနဲ့ ကုလားပဲ၊ ဂေါ်ဖီတို့ပေါ့။ အသားမကျွေးနိုင်ဘူး။ အလှူရှင်လည်း မရှိတဲ့အခါကျတော့ အသင်းတော်က မတတ်နိုင်ဘူး” ဟု အထက်ပါ အမျိုးသားက ဆိုသည်။
ကလေးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသူများအစုမှာ ခါးဝတ်ခါးစားဖြင့် ထွက်ပြေးတိမ်းရှောင်လာသူများလည်း ဖြစ်ရာ အိမ်သာ၊ ရေချိုးခန်း၊ နေရာထိုင်ခင်း နည်းပါးမှု အပါအဝင် အစစအရာရာ အခက်အခဲဖြစ်လျက်ရှိသည်၊ ဘုရားကျောင်းခန်းမကြီးထဲတွင် တိုးဝှေ့ အိပ်စက်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
“ဖြစ်သလို အိပ်တယ်။ မိုးရွာရင် ခန်းမအလယ်မှာ နေလို့မရတော့လို့ ဘေးနားမှာ ရှောင်နေရတာ။ မိုးတိတ်မှ အိပ်ရတယ်။ ဘုရားကျောင်းက စစ်ရှောင်တွေအတွက် ပြင်ဆင်ထားတာ မဟုတ်တဲ့အခါကျတော့ အခက်အခဲတွေတော့ ရှိတယ်”

ဇူလိုင် ၂၂ ည ၈ နာရီခန့်က ခါမ်းပါတ်မြို့ ရပ်ကွက် (၁) ရှိ စစ်ကောင်စီရဲစခန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေခြင်း ဖြစ်သည်။
ထိုနေ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နာရီခွဲခန့် အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ဇူလိုင် ၂၅ နှင့် ၂၆ တို့တွင် စစ်ရဟတ်ယာဉ်များ ရောက်လာပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အထက်ပါ ဒေသခံက ပြောသည်။
ခါမ်းပါတ်မြို့အပြင် အနီးဝန်းကျင်ကိုပါ လေတပ်က ပစ်ခတ်ခဲ့သည်ဟု ဒေသခံတချို့ကို ကိုးကား၍ ၎င်းက ဆိုသည်။
“ရွာတွေလည်း အများကြီးပြေးရတာ။ ကလေးမြို့ပေါ်မှာတော့ ဇိုလူမျိုးတွေ ပိုများတယ်။ တခြားနေရာတွေမှာလည်း ထွက်ပြေးကြတာတွေ ရှိတယ်။ ဖလမ်းတို့၊ ဟားခါးတို့ဘက်တွေကို ထွက်ပြေးကြတာတွေလည်း ရှိတယ်”
ကလေးမြို့ပေါ်ရှိ ဘုရားကျောင်းများ၌ ခိုလှုံနေသည့် ခါမ်းပါတ်စစ်ရှောင်များအတွက် အစားအသောက်များအပြင် ဆေးဝါးများလည်း လိုအပ်နေကြောင်း၊ စစ်ရှောင်အချို့ တုပ်ကွေးမိ၍ ဖျားနာနေကြကြောင်း သိရသည်။

ခါမ်းပါတ်မြို့အနီးအနားရှိ ဒေသခံ ၇၁၈ ဦးမှာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲသို့ ထွက်ပြေးခဲ့ကြသော်လည်း အိန္ဒိယနယ်ခြားစောင့်တပ်က ပြန်လည်မောင်းထုတ်သဖြင့် တောတောင်များကြား ခိုလှုံနေရကာ အခက်အခဲများ ကြုံတွေ့နေရသည်ဟု RFAသတင်းဌာန သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
ယမန်နေ့က ခါမ်းပါတ်မြို့ကို စွန့်ခွာမည့် ပြည်သူနှစ်ဦးမှာ အမှတ် (၂) ရပ်ကွက်ရှိ စစ်ကောင်စီ ကင်းပုန်းနှင့် ပက်ပင်တိုးပြီး ပစ်သတ်ခံလိုက်ရသည်၊ သေဆုံးသူတို့ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးဟု သိရသည်။
ခါမ်းပါတ်မြို့ပေါ် တိုက်ပွဲများနှင့် ပတ်သက်၍ ပိုမို သိရှိနိုင်ရန်အတွက် ကာကွယ်ရေးတပ်တို့ထံ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီကလည်း သတင်းအမှောင်ချထားသည်။
သို့သော် မြို့ပေါ်တွင် ယနေ့အထိ မြို့ပေါ် အမှတ် (၂) ရပ်ကွက်ရှိ စစ်ကောင်စီတပ် အထိုင်ချထားသည့် ခါမ်းပါတ်စျေးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို ကာကွယ်ရေးတပ်တို့က ဆက်လက်တိုက်ခိုက်သဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု အထက်ပါ စစ်ဘေးရှောင်က ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)