အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် အိန္ဒိယနိုင်ငံက ထပ်မံရင်းနှီးမြှုပ်နှံ 

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ပါဝင်သည့် နိုင်ငံပိုင် ONGC Videsh ‌ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၂၇ သန်း ထပ်မံရင်းနှီးမြှုပ်နှံမှုကို အိန္ဒိယအစိုးရက ခွင့်ပြုလိုက်သည်ဟု အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် အခြေစိုက်သတင်းစာများက ယခုသီတင်းပတ်အတွင်း ရေးသားထားသည်။

တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချနေသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် အိန္ဒိယ နိုင်ငံပိုင်ကုမ္ပဏီက အခြားကုမ္ပဏီများနှင့်အတူ ၂၀၀၂ ခုနှစ်ကတည်းက ပါဝင်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လကုန်အထိ အဆိုပါစီမံကိန်းတွင် ONGC Videsh ‌ကုမ္ပဏီက ဒေါ်လာ ၇၂၂ ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်သည်ဟုလည်း အဆိုပါသတင်းများတွင် ဖော်ပြထားသည်။ 

အိမ်နီးနားချင်းနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းမှာ အိန္ဒိယအစိုးရ၏ အရှေ့နိုင်ငံများဦးစားပေးဝါဒ (Act East Policy) နှင့်အညီ ဖော်ဆောင်ခြင်းဖြစ် သည်ဟုလည်း အဆိုပါသတင်းများတွင် ဖော်ပြထားသည်။ 

ရခိုင်ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်များဖြစ်သည့် A-1 နှင့် A-3 ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ရွှေသဘာဝဓာတ်ငွေ့သိုက်ကို ၂၀၀၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်နိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှစ၍ အမြင့်ဆုံးထုတ်လုပ်မှုနှုန်းဖြင့် နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ ထုတ်လုပ်ကာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည်။ 

အဆိုပါစီမံကိန်းတွင် တောင်ကိုရီးယားနိုင်ငံမှ Posco International (Daewoo) ကုမ္ပဏီက ၅၁ ရာခိုင်နှုန်းဖြင့် အော်ပရေတာအဖြစ် လုပ်ကိုင်နေပြီး အခြားတောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် KOGAS က ၁၇ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း က ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံပိုင် ONGC ‌နှင့် အခြားအိန္ဒိယကုမ္ပဏီတစ်ခုဖြစ်သည့် GAIL တို့က ၈ ဒသမ ၅ ရာခိုင်နှုန်းစီ ပါဝင်ရင်းနှီးမြှုပ်နှံထားကြသည်။ 

ရခိုင်ပြည်နယ်တွင် တရုတ်နိုင်ငံက ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအပြင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်ရန် စိုင်းပြင်းနေချိန်တွင် အိန္ဒိယအစိုးရက အကောင်အထည်ဖော်လျက်ရှိသည့် ကုလားတန်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button