အမျိုးသမီးရဲဝန်ထမ်းများအပေါ် လိင်အမြတ်ထုတ်မှုဖြင့် တိုင်ကြားခံထားရသည့် ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းသည် စိတ်ဝေဒနာကြောင့် ထိုသို့ ပြုမူခြင်းဖြစ်သည်ဟူသည့် သတင်းမှားတစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံနေသည်။
ရဲမှူးချုပ်ဇော်မိုးသန်း စစ်ဆေးခံနေရသည့်အကြောင်း သတင်းဌာနများက ရေးသားဖော်ပြပြီးနောက် ထိုအကြောင်းအရာကို အခြေခံကာ အဆိုပါသတင်းမှား ထွက်ပေါ်လာခြင်းဖြစ်သည်။
“ရဲမေတွေကို ခြေတော်တင်တဲ့ ရဲရာထူးခန့်ချူပ် ဇော်မိုးသန်းသည် စိတ်ရောဂါသမားတစ်ဦးဖြစ်လို့ ခြေတော်တင်မိတာတဲ့ဗျာ” ဟု သတင်းခေါင်းစဉ်ဖြင့် ရေးသားထားသည့် အကြောင်းအရာကို ပြန်လည်မျှဝေသူ ထောင်နှင့်ချီရှိနေသည်။
Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ အဆိုပါအကြောင်းအရာသည် Facebook ပေါ်တွင် ရေးသားထားသည့် အတည်မပြုနိုင်သည့် စာသား Screenshot တစ်ခုကို အခြေခံကာ ဖြန့်ဝေနေကြခြင်းဖြစ်သည်။
“ရဲချုပ် ဇော်မျိုးသန်းသည် စိတ်ဝေဒနာသည် တဦးဖြစ်သောကြောင့် ရဲမေများအား ကာမ ခြေတော်တင်မိသည်ဟုဝန်ခံလိုက်သည်” ဟု ရေးသားထားသည့် Facebook Screenshot နှင့် စာရေးဆရာ မင်းဒင်ရေးသားထားသော အကြောင်းအရာတို့ကို အသုံးပြုပြီး လူစိတ်ဝင်စားမှုရှိမည့် သတင်းမှားများဖြင့် ဝင်ငွေရှာနေသည့် (Clickbait) ဝက်ဆိုက်များက သတင်းမှားဖြန့်ဝေနေကြခြင်းဖြစ်သည်။
စာရေးဆရာ မင်းဒင် ရေးသားသည့် အကြောင်းအရာတွင် လည်း ရဲမှူးချုပ် ဇော်မိုးသန်းသည် စိတ်ဝေဒနာသည် ဖြစ်ကြောင်း မပါဝင်ပါ။
ထို့အပြင် သတင်းမှားဖြင့် ဝင်ငွေရှာနေသည့် (Clickbait) ဝက်ဆိုက်များတွင် ရဲဗိုလ်ချုပ် မျိုးဆွေဝင်းနှင့် အခြားရဲမှူးကြီးတစ်ဦး၏ပုံများကို အသုံးပြုကာ ရဲမှူးချုပ် ဇော်မိုးသန်းအဖြစ် လွဲမှားစွာဖော်ပြနေသည်ကိုလည်း တွေ့ရသည်။
Facebook တွင် ရှာဖွေမှုအရ အဆိုပါသတင်းမှားကို Kamar Kamar Kamar ဆိုသည့် Facebook account က ဇွန် ၂၄ တွင် အစောဆုံး ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ယင်း post တစ်ခုတည်းကိုပင် ပြန်လည်မျှဝေမှု ၄,၀၀၀ ကျော်အထိ ရှိခဲ့သည်။
လိင်အမြတ်ထုတ်မှုဖြင့် စစ်ဆေးခံနေရသူမှာ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းဖြစ်ပြီး အဆိုပါသတင်းမှား၏ စာသားတွင် “ဇော်မျိုးသန်း” ဟု အမည်မှားယွင်းနေပြီး ၎င်း၏ရာထူးမှာလည်း လွဲနေသည့်အတွက် ယုံကြည်စိတ်ချရသည့် သတင်းမဟုတ်ပေ။
တိုင်ကြားထားသည့် ရဲအရာရှိ၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကိစ္စကို စစ်ဆေးနေဆဲ ဖြစ်ကြောင်းသာ ဇွန်၂၂ က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောကြားခဲ့ပြီး ရဲမှူးချုပ်ဇော်မိုးသန်းသည် စိတ်ဝေဒနာသည် တစ်ဦးဖြစ်ကြောင်းနှင့် အမှုကို ဝန်ခံထားကြောင်း ပြောကြားခဲ့ခြင်းမရှိပါ။
ထို့အပြင် နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကလည်း ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကိစ္စကို ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် နိုင်ငံတော်အကြီးအကဲများထံ တင်ပြထားပြီး စုံစမ်းစစ်ဆေးနေပြီဟု ဇွန် ၂၆ တွင် ပြောကြားထားပြီး ရဲမှူးချုပ် ဇော်မိုးသန်းသည် စိတ်ဝေဒနာသည် တစ်ဦးဖြစ်ကြောင်းနှင့် အမှု ဝန်ခံထားကြောင်း ပြောကြားခဲ့ခြင်းမရှိပါ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးကြီးကျော်သီဟကို ပျံနှံနေသည့် သတင်းမှားနှင့်ပတ်သက်၍ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင်လည်း ရဲမှူးချုပ်ဇော်မိုးသန်းကိစ္စမှာ “စစ်ဆေးဆောင်ရွက်ဆဲ” သာဖြစ်ကြောင်း ပြောသည်။