သတင်း

ရသေ့တောင်နှင့် အမ်းမြို့နယ်တွင် ဒေသခံများ ထောင်နှင့်ချီ ဆက်လက်ထွက်ပြေးနေရ 

တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း စာထုတ်ပြီးနောက် စစ်ဆင်ရေးများဆက်လက်ဆောင်ရွက်နေသည်ဖြစ်ရာ ထောင်နှင့်ချီသော ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ 

ရသေ့တောင်မြို့နယ် မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ကျောက်တန်းတိုက်နယ်အတွင်းမှ ကျေးရွာများတွင် နယ်မြေရှင်းလင်းမည် ဖြစ်သည့်အတွက် ရွာသားများကို တိမ်းရှောင်ခိုင်းသည့်စာကို ဇွန် ၂၃ ရက်စွဲဖြင့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ထုတ်ပြန်ခဲ့ပြီး ဇွန် ၂၆ ရက်တွင် အဆိုပါထုတ်ပြန်ချက်ကို ပြန်လည်ပယ်ဖျက်ခဲ့သည်။

သို့သော် ဇွန် ၂၄ ရက်မှစ၍ ကျောက်တန်းကျေးရွာနှင့်အနီးတဝိုက်ရှိ အနည်းဆုံး ရွာခြောက်ရွာခန့်နှင့် ရသေ့တောင်မြို့နယ်အရှေ့ဘက်ရှိ ကျေးရွာများအပါအဝင် အနည်းဆုံးကျေးရွာ ကိုးရွာခန့်မှ စစ်ရှောင် ၈,၀၀၀ ခန့် တိမ်းရှောင်ကြသလို ယနေ့ထိလည်း ဆက်လက်တိမ်းရှောင်သူများရှိနေဆဲဖြစ်သည်ဟု ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

ကျောက်တန်းရွာတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို ရသေ့တောင်မြို့ပေါ်တွင် ပြီးခဲ့သည့် ဇွန် ၂၈ ရက်နှင့် ၂၉ ရက်က တပ်မတော်စစ်ကြောင်းတစ်ခု မြို့ထဲသို့ ဝင်ရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ဒီနေ့ကတော့ ပစ်တဲ့အသံတော့ မကြားသေးဘူး။ ဈေးတွေ၊ ဆိုင်တွေတော့ တော်တော်ပိတ်ထားကြတယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။

ယခင်က ရသေ့တောင်မြို့ပေါ်တွင် စစ်ရှောင်စခန်း ၁၈ ခုနှင့် လူဦးရေတစ်သောင်းကျော်ရှိပြီး ဇွန် ၂၄ ရက်က စတင်ပြီး ထွက်ပြေးလာသည့် စစ်ရှောင်များကြောင့် စစ်ရှောင်စခန်း ၃ ခု ထပ်မံဖွင့်ခဲ့ရသည်ဟု ရသေ့တောင်မြို့နယ်က စစ်ရှောင်အရေးကူညီနေသူ ကိုဘက္ကာက ပြောသည်။

စစ်ရှောင်ကြသူအများစုမှာ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် အခြားနီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ရသေ့တောင်မြို့ပေါ်ရှိ စစ်ရှောင်စခန်းသုံးခုတွင် စစ်ရှောင်အရေအတွက် ၁၀၀၀ ကျော်အထိ ရောက်ရှိနေသလို မြို့တွင်းရှိ နေအိမ်များတွင်ခိုလှုံသူများလည်းရှိနေသည်ဟု ၎င်းက ပြောသည်။

“ရသေ့တောင်မှာက စခန်းအားလုံးရော တခြားနေရာတွေပါ ပြည့်နေပြီး ထပ်ပြေးလာရင် ထားစရာနေရာ ရှိတော့မှာမဟုတ်ဘူး” ဟု ကိုဘက္ကာက ပြောသည်။

ဇွန် ၂၇၊ ၂၈ နေ့များက ပြားချောင်း၊ မောင်ဖြူ၊ ပြိန်းတော၊ ငတောက်တူကြီး၊ ကျောက်ရံသာစည်၊ သမီးလှနှင့် ရေဘုတ်စသည့် ကျေးရွာများမှ စစ်ရှောင် ၇၀ ခန့် စစ်တွေမြို့ရှိ ရွှေပြည်သာကျေးရွာ ယာယီစစ်ရှောင်စခန်းကို တိမ်းရှောင်သွားကြသလို ယနေ့မနက် ရေမျက်ရွာမှ စစ်ရှောင်များကိုတော့ စစ်တွေမြို့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတွင် နေရာချထားပေးထားသည်ဟု သိရသည်။

တပ်မတော်၏ နယ်မြေရှင်းလင်းရေးဧရိယာထဲမှ အဓိကရွာများဖြစ်သည့် ကျောက်တန်း၊ ထီးစွဲစသည့် ကျေးရွာများမှာ ရသေ့တောင်မြို့၏ အမြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး ဒေသခံများပြောကြားချက်အရ ထီးစွဲ၊ အောင်သာစည်၊ ဆောက်ခတ်၊ အောင်မြေကုန်း၊ သမီးလှ စသည့် ရွာများတွင် ဇွန်လ ဒုတိယပတ်ကတည်းစတင်ပြီး စစ်ကြောင်းများ ဝင်ရောက်တပ်စွဲထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယနေ့အထိ ထီးစွဲ၊ ဆောက်ခတ်ကျေးရွာတွင် စစ်ကြောင်းများ ဆက်လက်တပ်စွဲထားပြီး လက်နက်ကြီးပစ်ခတ်သံကို ရသေ့တောင်မြို့ပေါ်မှပင် ကြားရသည်ဟု ပြီးခဲ့သည့်ရက်အနည်းငယ်က ရသေ့တောင်မြို့ပေါ်သို့ တိမ်းရှောင်လာသည့် ကျောက်တန်းရွာသား ဦးဌေးအောင်က ပြောသည်။

“ဆောက်ခတ်ဘက်ကလည်း လက်နက်ကြီးနဲ့ပစ်နေတယ်၊ ထီးစွဲကလည်း လက်နက်ကြီးနဲ့ပစ်နေတယ်။ သမီးလှကတော့ ပစ်သံမကြားရဘူး။ ကျောက်တန်းတို့ အောင်သာစည်တို့ဘက်ကို ပစ်နေကြတာပါ။ ဒီနေ့ပစ်နေတာ ၁၀ ချက်ကျော်လောက်ရှိနေပြီ” ဟု ဦးဌေးအောင်က ပြောသည်။

ကျောက်တန်းတဝိုက်ကျေးရွာများကို အဓိကနယ်မြေရှင်းလင်းရေးလုပ်နေသလို ရသေ့တောင်မြို့၏ အရှေ့ဘက်ရှိ ရွာများဖြစ်သော ကြိမ်သာ၊ ထွန်းရဝေစသည့် ကျေးရွာများတွင်လည်း လုံခြုံရေးအရ ဝင်ရောက်စစ်ဆေးခြင်းများရှိသည်ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

ယနေ့လည်း ကျောက်တန်းရွာအနီးတဝိုက်တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ၎င်းကဆိုသည်။

“AA ကိုမတိုက်လို့ ဘယ်လိုလုပ်လွှတ်ထားလို့ရမလဲ။ သူတို့က အဲဒီနေရာမှာ ဝင်နေရာယူနေတာ” ဟု ဗိုလ်မှူးကြီးမင်းသန်းက Myanmar Now ကို ပြောသည်။

အမ်းမှာလည်းထွက်ပြေးနေရ 

တပ်မတော်မှ စစ်ဆင်ရေးပြုလုပ်မည်ဆို၍ ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ နတ်မော်ကျေးရွာမှ ဒေသခံများလည်း ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရသည်။

နတ်မော်ကျေးရွာတွင် အိမ်ခြေ ၁၂၀ ကျော်နှင့် လူဦးရေ ၅၀၀ ခန့်ရှိပြီး ဇွန် ၂၈ ညနေ ၃ နာရီ နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ဖယ်ပေးရမည်ဆိုသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေကြရသည်ဟု ဒါးလက်အုပ်စု၊ အုပ်ချုပ်‌ရေးမှူး ဦးတိုးတိုးထွေးက Myanmar Now ကို  အတည်ပြုပြောဆိုသည်။

“ရွာကလူတွေအားလုံး ပြေးနေရတာ။ နီးစပ်ရာဖြစ်တဲ့ အနောက်ရွာကိုပြေးကြတာ။ ကိုယ့်ဆွေမျိုးတဲ့ ရှိတဲ့ရွာကို ပြေးကြတာပေါ့။ သူတို့ကတော့ အနောက်ရွာမှာစုကြတယ်လို့ ပြောတယ်။ သူတို့ပြောတာက တိုက်ပွဲဖြစ်တာကို အကြောင်းပြပြီး ဖယ်ခိုင်းတယ်လို့ ပြောတယ်” ဟု ဦးတိုးတိုးထွေးက ပြောသည်။

စစ်ဆင်ရေးပြုလုပ်ရန် အမ်း၊ ဒါးလက်အုပ်စု နတ်မော်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်အပါအဝင် ရပ်မိရပ်ဖများကို အစည်းအဝေးခေါ်ပြီး ကျေးရွာအတွင်းမှ ဖယ်ပေးရန် တပ်ဘက်မှ နှုတ်ဖြင့်ပြောဆိုခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၁၀ ရက်ခန့်က နတ်မော်ကျေးရွာနှင့် ၃ ဖာလုံခန့်ဝေးသည့် နေရာတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိမ်းရှောင်ခိုင်းသည့်သတင်းကို ကြားသိရသည့်အတွက် စိုးရိမ်ကြောက်လန့်ပြီး နတ်မော်ရွာအပြင် ဒါးလက်အုပ်စုနှင့် ချောင်းဖျားဒေသရှိ ကျေးရွာအများအပြား နေရပ်စွန့်ခွာ ရှောင်ပြေးနေကြသည်ဟု ဒါးလက်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ ကျေးရွာများမှာ ဒါးလက်အုပ်စုမှ အလယ်ကျွန်းရွာ၊ နတ်မော်၊ မဂ်လာဒုံး၊ ရှမ်းကုန်း၊ သဂ်နက်အိုင်ကျေးရွာနှင့် ချောင်းဖျားဒေသဖြစ်သည့် ညောင်ချောင်း၊ နန်းရာကုန်း၊ ဇံသီး၊ သစ်ငနက်၊ သင်္ဘောမှောက်၊ ခွဆုံ၊ အိုင်ဝိုင်း၊ အရိုင်းကု၊ အမ်းပြ၊ ဝင်ဝ၊ ပေါင်ဝကျေးရွာတို့မှ ကျေးရွာသားများမှာ ကဇူးကိုင်း၊ ကန်းထောင်းကြီး၊ အနောက်ရွာနှင့် အမ်းမြို့ပေါ်သို့ ရှောင်ပြေးနေရသည်ဟု သိရသည်။

ထိုသို့ တိမ်းရှောင်ရာတွင် အမ်းမြို့ပေါ် ကဇူးကိုင်းနှင့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးဘက်သို့ ကားဖြင့် နေရပ်စွန့်ခွာသူများအား ဒါးလက်နယ်မြေခံတပ်ရင်းတွင် မည်သည့်နေရာသို့သွားမည်ကို စာရင်းပေးပြီးမှ လူဦးရေအကန့်အသတ်ဖြင့်သာ သွားခိုင်းကြောင်း ဒါးလက်ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးဖြစ်သူ  ခိုင်လင်းသစ်က ပြောသည်။

“ဒါးလက်ကနေ ဘယ်ကိုသွားမယ်ဆိုပြီးတော့ စစ်တပ်ကို စာရင်းပေးရတယ်။ ဆိုတော့ သူတို့က အားလုံးကို တစ်ခါတည်းသွားခိုင်းတာမျိုးမဟုတ်ဘဲ တစ်ရက်ကို လူဦးရေဘယ်လောက်ဆိုပြီး သွားခိုင်းတာရှိတယ်။ ဒါကလည်း နေ့တိုင်းမဟုတ်ဘူး။ ဒီမှာက တိုက်ပွဲဖြစ်တဲ့နေ့၊ လက်နက်ကြီးပစ်တဲ့နေ့ဆိုရင် လမ်းပိတ်ထားတဲ့နေ့တွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

ဒေသခံများမှာ မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများသို့ ရှောင်နေရသည်ဟု အမ်းမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး(ခေါ်) ဦးချေက ပြောသည်။

“ကျွန်တော်တို့ကို ဒေသခံတွေ ဖုန်းဆက်ပြောတာကတော့ တပ်က နယ်မြေရှင်းလင်းရေးလုပ်တဲ့အတွက် သူတို့ကို ရွာက ထွက်ခိုင်းတယ်လို့ ပြောပါတယ်။ ရွာက ထွက်ခိုင်းတဲ့အတွက်ကြောင့် သူတို့က ရွာမှာမနေရဲတော့လို့ နီးစပ်ရာကို ရှောင်နေရတယ်လို့ ဒေသခံတွေက ဖုန်းဆက်လို့သိရတယ်” ဟု ဦးခင်‌မောင်ဌေးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကျေးရွာအတွင်းနှင့် ကျေးရွာနီးတစ်ဝိုက်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူ ဦးရေ ၃၀၀ ခန့်ရှိနေပြီး လက်ရှိ မြို့ပေါ် ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်လာသူ ဦးရေ စုစုပေါင်း ၁,၀၀၀ ကျော်ရှိနေပြီဟု စစ်ဘေးရှောင်စခန်း စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

“ကယ်ဆယ်ရေးစခန်းကိုမရောက်ဘဲ မြို့ထဲက ရပ်ကွက်တွေထဲမှာ မိသားစုနှစ်စုကို တစ်အိမ်၊ သုံးစုကိုတစ်အိမ် တစ်လကို နှစ်‌သောင်း ၊ သုံးသောင်းပေးပြီး ငှားနေကြတာ ၄၀၀ ကျော် ၊ ၅၀၀ နီးပါးလောက်ရှိတယ်” ဟု ဦးစိုးသိန်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ည ၇ နာရီခန့်ကလည်း အမ်းမြို့နှင့် မိုင် ၃၀ ခန့်ဝေးသည့် ဒါးလက်အုပ်စု နတ်မော်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၂ ဦးသေဆုံးပြီး၊ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ရွာသား ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။ ဇွန် ၂၈  ညနေ ၄ နာရီခွဲခန့်တွင်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒါးလက်‌မြောက်ရွာတွင် လက်နက်ကြီးကျည်နှစ်ချက် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်တွေမြို့သို့လည်း ရခိုင်ကျေးရွာများမှ ဒေသခံအမြောက်အမြား ထွက်ပြေးတမ်းရှောင်လာကြကာ ဘုန်းကြီးကျောင်းများနှင့် စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရသည်။

နယ်မြေရှင်းလင်းရေးဖြစ်စဉ်များပတ်သက်ပြီး စိုးရိမ်နေရကြောင်းနှင့် နှစ်ဖက်တပ်များအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကိုလိုက်နာရန် ကုလသမဂ္ဂက ဇွန် ၂၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ 

ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ ဇွန် ၂၁ ရက်အထိ စစ်ဘေးဒုက္ခသည် ၇၇,၂၀၀ ဦးအထိရှိနေပြီး ရသေ့တောင်တွင်ပင် အရပ်သားပြောင်းရွှေ့နေထိုင်ရသူ ၁၄,၅၀၀ ဦးအထိ ရှိနေသည်။ 

စစ်တွေမြို့အခြေစိုက် ရခိုင်စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)၏ ဇွန် ၈ ရက်နေ့ထုတ်ပြန်ချက်အရ ရခိုင်စစ်ရှောင်စုစုပေါင်း ၁၅၆,၀၀၀ ကျော်အထိရှိနေပြီး အသစ်ထပ်မံရွှေ့ပြောင်းလာသည့် စစ်ရှောင်များစာရင်း မပါဝင်သေးပေ။

Show More

Related Articles

Back to top button