အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရသေ့တောင်မြို့နယ်တွင် ရွာသား ၆၀ ကျော် ပိတ်မိနေသည့်ရွာ မီးလောင် 

တပ်မတော်စစ်ကြောင်းဝင်နေသည့် ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာ၌ ရွာသား ၆၀ ခန့်ပိတ်မိနေပြီး ရွာမှာလည်း မီးလောင်နေသည်ကို တွေ့ရှိရသည်ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများက ပြောသည်။ 

ယနေ့နံနက်ပိုင်းက ကြိမ်သာရွာအတွင်းမှ မီးခိုးများထွက်လာပြီး ရွာအစွန်ရှိ အိမ်တစ်လုံး မီးလောင်နေသည်ကို တွေ့မြင်ရကြောင်း ကြိမ်သာရွာသားများက ပြောသည်။

ဇွန် ၂၄ ည ၁၁ နာရီခန့်တွင် ကြိမ်သာကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီး မပြေးနိုင်ဘဲ ကျန်ရှိနေသည့် သက်ကြီးရွယ်အိုများနှင့် ရွာသားများကို ကျေးရွာစာသင်ကျောင်းအတွင်း ထိန်းသိမ်းစစ်ဆေးခဲ့သည်ဟု တိမ်းရှောင်နေသည့် ကျေးရွာရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးရွှေသိန်းက ပြောသည်။ 

“ရွာထဲမှာ ကျန်ခဲ့တာ သက်ကြီးပိုင်းတွေများတယ်။ သူတို့ကျန်းမာရေးနဲ့ စားရေးသောက်ရေးအတွက်ကို စိုးရိမ်နေရတာ။ အခု မီးပါလောင်နေတယ်ဆိုတော့ ပိုစိုးရိမ်တာပေါ့” ဟု ဦးရွှေသိန်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကြိမ်သာရွာတွင် ရွာသားများ ထိန်းသိမ်းစစ်ဆေးခံနေရသည့်နည်းတူ အနီးရှိ ထွန်းရဝေရွာတွင်လည်း ရွာသား ၁၀ ဦးကျော် ပိတ်မိနေသည်ဟု ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်မတ် ဦးခင်မောင်လတ်က Myanmar Now ကို ပြောသည်။

တပ်မတော်စစ်ကြောင်းတစ်ခုကို ဇွန် ၂၄ ရက် ညနေဘက်အချိန်က ရသေ့တောင်မြို့အထွက် တံတားအနီးတွင် ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့ပေါ်မှ စစ်ရှောင်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ 

အဆိုပါတပ်မတော်စစ်ကြောင်းသည် ရသေ့တောင်မြို့အရှေ့ဘက်ရှိ ထွန်းရဝေရွာနှင့် ကြိမ်သာရွာများဘက်သို့ ဦးတည်လာနေသည်ဟု အဆိုပါကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများက ပြောသည်။

ယနေ့ (ဇွန် ၂၆) နံနက်မှစ၍ အဆိုပါကျေးရွာများနှင့် အဆက်အသွယ်ပြတ်တောက်နေသည့်အတွက် ကျေးရွာအတွင်း ကျန်ရှိနေသည့် သက်ကြီးပိုင်းရွာသားများ၏ အသက်အန္တရာယ်ကို စိုးရိမ်ရသည်ဟု ဦးခင်မောင်လတ်က ပြောသည်။ 

ကြိမ်သာရွာမှာ ရသေ့တောင်မြို့၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာတွင်ရှိပြီး အိမ်ခြေ ၄၀၀ ခန့်နှင့် လူဦးရေ ၂,၀၀၀ ကျော်ရှိပြီး ရသေ့တောင် – ပုဏ္ဏားကျွန်းကားလမ်းအနီးတွင်ရှိသည်။

တပ်မတော်က အသုံးပြုနေသည့် ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ်ငယ်တစ်စီးကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါယာဉ်ကိုလာရောက်ရှာဖွေသည့် ရသေ့တောင်အခြေစိုက် ခြေမြန်တပ်ရင်း ၅၃၆ မှ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်လူငယ်သုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု AA က ဇွန် ၂၅ တွင် သတင်းထုတ်ပြန်ထားသည်။ 

ရသေ့တောင်အခြေစိုက် နယ်မြေခံတပ်ရင်းမှ တပ်မိသားစုဝင်သုံးဦးကို အဆိုပါနေ့ ဇွန် ၂၄ နေ့လယ် ၃ နာရီခွဲခန့်က ကြိမ်သာရွာအနီးတွင် AA အဖွဲ့ဝင်များနှင့် AA အမာခံများက ဖမ်းဆီးသွားကြောင်းနှင့် ဖမ်းဆီးခံရသူများကို ပြန်လည်ကယ်ဆယ်နိုင်ရေး ဆောင်ရွက်နေသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။ 

ကြိမ်သာရွာဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသည့်အခါ အဆိုပါဖြစ်စဉ်ကို သေသေချာချာ မသိသေးသည့်အတွက် မဖြေကြားနိုင်သေးဟု ပြောသည်။ 

ရွာသားများစစ်ရှောင်နေသည့်အတွက် လူနေထိုင်ခြင်းမရှိသည့် ရသေ့တောင်မြို့ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ငတောက်တူချေရွာကို ပြီးခဲ့သည့်မေလ ၄ ရက်တွင် တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်ခဲ့ပြီးနောက် ထိုရွာရှိ နေအိမ်ရှစ်လုံး မီးလောင်ခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles