သတင်း

တပ်မတော်က နယ်မြေရှင်းလင်းမည်ဖြစ်၍ လူတစ်သိန်းကျော် နေရပ်စွန့်ခွာရန် ပြင်ဆင်

ရက္ခိုင့်တပ်တော်(AA) နှင့် ထိတွေ့မှုရှိနေသော ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်တွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်၍ ကျေးရွာအုပ်စုပေါင်း ၁၇ အုပ်စုမှ  လူဦးရေ တစ်သိန်းကျော်ခန့် နေရပ်စွန့်ခွာရန် ပြင်ဆင်နေကြသည်။

ကျောက်တန်းနယ်မြေအတွင်းရှိ ကျေးရွာအုပ်စု ၁၇ အုပ်စုတွင် နေထိုင်ကြသူများအနေဖြင့် ခေတ္တတိမ်းရှောင်ကြရန် တရားဝင်အသိပေးအမိန့်စာတစ်စောင်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဇွန် ၂၅ တွင် ထုတ်ပြန်ခဲ့သည်။

ကျောက်တန်းနယ်မြေအတွင်းရှိ ကျေးရွာများတွင် AA က ဖြန့်ခွဲလှုပ်ရှားလျက်ရှိနေသည်ဟု သတင်းရရှိသည့်အတွက် တပ်မတော်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်မည်ဖြစ်ရာ ဒေသခံများ ခေတ္တတိမ်းရှောင်ပေးရန် ယင်းအမိန့်စာတွင် ပါရှိသည်။

အဆိုပါကျေးရွာများတွင် AA တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွှယ်သူများကို လက်ခံထားခြင်း မပြုလုပ်ရန်နှင့် ၎င်းကျေးရွာများသို့ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် AA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပါက ကျေးရွာအတွင်းနေထိုင်သူများ ထိခိုက်မှုမရှိစေရေး ခေတ္တရှောင်ပေးရန်၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေးရန်လည်း အမိန့်စာတွင် ပါရှိသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများအတွက် ပြောင်းရွှေ့ရေး၊ နေရေးထိုင်ရေးနှင့် စားသောက်ရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို မသိရသေးဘဲ အစည်းအဝေးလုပ်နေဆဲသာ ဖြစ်သည်ဟု ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက ပြောသည်။ 

“အခုမှ အစည်းအဝေးလုပ်နေတုန်း။ ဘာတွေလိုအပ်မယ်ဆိုတာကို အပေါ်ကိုတင်ပြမယ်။ လူဦးရေ ဘယ်လောက်၊ ရိက္ခာအတွက် တစ်ဦးကို နှစ်ဘူးနှုန်းနဲ့ဆိုရင် ဘယ်နှယောက်စာအတွက် ဆိုပြီး ခန့်မှန်းပေါ့်နော်။ မနက်ဖြန်လောက်ဆိုရင် အသေးစိတ်သိရမယ်။ အစကတည်းက ဒီမှာ တိုက်ပွဲရှောင်တွေက တစ်သောင်းခွဲလောက်ရှိနေတယ်” ဟု ၎င်းက ပြောသည်။

ကျောက်တန်းနယ်မြေအတွင်း ကျေးရွာအုပ်စု ၁၇ အုပ်စုတွင် ရွာပေါင်း ၃၆ ရွာရှိပြီး ဆင်ခုန်းတိုင်၊ ရေခေါင်းချောင်၊ အုတ်ဖို၊ အုန်းချောင်း၊ ရပ်ခုန်တိုင်၊ ဇီးခေါင်း၊ ရေစိုးချောင်း၊ ကျောက်ရံသာစည်၊ ငစံပေါ်၊ ပြိန်းတော၊ ရေမျက်၊ သမီးလှ၊ ကျောက်တန်း၊ နွားလားကျော်၊ ထီးစွဲ၊ လမုန်းတိုင်နှင့် သောင်းဒြား ကျေးရွာအုပ်စုများ ဖြစ်သည်။

“စာထဲမှာတော့ ကျောက်တန်းတိုက်နယ်လို့တော့ ရေးထားတယ်ဗျ။ ဘယ်နေ့ ရှောင်ပေးရမယ် ဆိုပြီးတော့ အချိန်တော့ မပြောထားဘူး။ လတ်တလော အခြေအနေအရ ရှောင်ပေးပါဆိုပြီးတော့ ပါတယ်” ဟု ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက ပြောသည်။

လတ်တလောတွင် ယင်း ၃၆ ရွာမှ လူဦးရေ ၈၀ ရာခိုင်နှုန်းအထက်မှာ ရသေ့တောင်မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေကြရသည်ဟု ကျောက်တန်းကျေးရွာမှ ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးရောက်ရှိနေသည့် ဦးအေးမောင်က Myanmar Now ကို ပြောသည်။

ထိုသို့အမိန့်စာ ထုတ်ပြန်ထားသော်လည်း မွတ်စလင်အများစုနေထိုင်ရာ ကျေးရွာများဖြစ်သည့် ဆင်ခုန်းတိုင်၊ အာကာတောင်၊ ကံဆိပ်ကျေးရွာများမှာ ထွက်မပြေးဘဲ ကျန်ရှိနေသေးသည်ဟု ဦးအေးမောင်က ဆိုသည်။

“ကျောက်တန်းကျေးရွာက လူတွေကတော့ အဲလိုပဲ လွတ်ရာလွတ်ရာကို သွားကြတယ်။ တောထဲ၊ တောင်ထဲမှာ ဝင်ပြီးတော့လည်း နေကြတယ်။ ဘယ်အချိန်ကနေ ဘယ်အချိန်ထိဆိုတဲ့ အချိန်ကာလကိုပြောဖို့ ငါတို့က စာကို ဖတ်ရတာလည်း မဟုတ်ဘူး။ ကျောက်တန်းနယ်မြေကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်လိုက်တယ်ဆိုတာလောက်ပဲ သိရတာ” ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ ကျောက်တန်းနယ်မြေထဲမှာ အခုလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေလို့ ရွာသားတွေက လယ်လုပ်လို့လည်း မရဘူး။ လူတွေက အားလုံးရှောင်ပြေးသွားကြပါပြီ။ မနေ့က ကတည်းက ရှောင်ပြေးသွားကြပါပြီ” ဟု ပြိန်းတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးစောလှက ပြောသည်။

ကျေးရွာမှ ရွာသူရွာသားအများစုမှာ ရသေ့တောင်မြို့ပေါ်နှင့် နီးစပ်ရာ ရွာများသို့ ကိုယ့်အစီအစဉ်ဖြင့်သာ တိမ်းရှောင်ရန် ပြင်ဆင်နေကြပြီး နေထိုင်စားသောက်ရေးအတွက် စိုးရိမ်ပူပန်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။ 

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “အဓိကကတော့ အချိန်ကြာလာတယ်ဆိုလို့ရှိရင် သူတို့မှာ စားဝတ်နေရေးအခက်အခဲ ရှိတယ်။ နိုင်ငံတစ်နိုင်ငံမှာ အစိုးရသည် အဓိကဖြစ်တဲ့အတွက် ပြည်သူတွေအခက်အခဲကို တာဝန်ယူဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ပြည်သူလူထုအနေနဲ့ တစ်စုံတစ်ခု အခက်အခဲရှိတယ်ဆိုလို့ရှိရင် အစိုးရအနေနဲ့ ဖြေရှင်းပေးစေချင်သလို ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်လို့လည်း ပြောချင်ပါတယ်”  ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် မေ အတွင်းက ကျောက်တန်းကျေးရွာတွင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်ခဲ့ပြီး AA နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ရွာသား ၂၇၅ ဦးကို ဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးထားစဉ် စိတ်မနှံ့သူတစ်ဦးထအော်ရာမှ ပစ်ခတ်မှုဖြစ်ပွားရာ  ကျေးရွာသား ခြောက်ဦးသေဆုံးကာ အခြားရှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

Show More

Related Articles

Back to top button