သတင်း

ကော့ကရိတ်မြို့အနီး စစ်တပ်စခန်းကို KNU ပူးပေါင်းတပ်များ ဝင်တိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ယနေ့ (ဇူလိုင် ၁၉) နံနက်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံမှ သိရသည်။

မြို့အရှေ့ဘက် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးဘေးရှိ ကော့နွဲရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ နံနက် ၆ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု KNU တပ်မဟာ (၆) ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ယနေ့ မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။

“ရန်သူ (စစ်ကောင်စီ) ကလည်း လက်နက်ကြီးနဲ့ ရှိသမျှ ထုနေပါတယ်။ ခုချိန်အထိ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပါ” ဟု ပဒိုစောလစ္စတန်က ပြောသည်။

မွန်းတည့်ချိန်အထိ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲဖြစ်စဉ်နှင့် ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်ကို မသိရသေးပေ။

စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးပတ်ဝန်းကျင် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး အာရှလမ်းကိုလည်း ပိတ်ဆို့ထားကြောင်း ယနေ့ နံနက်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

“ကော့ကရိတ်အပြင်ဘက်က ရွာတွေ တော်တော်များများကို စကစဘက်က လက်နက်ကြီးနဲ့ ရမ်းသန်းထုနေတယ်။ လမ်းတွေလည်း ပိတ်ကုန်တယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်ကို အားပေးထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ ကော့ကရိတ်မြို့တွင်းကို KNU ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယမန်နေ့ (ဇူလိုင် ၁၈) ကလည်း မြဝတီမြို့အနီး လက်ခတ်တောင်ဒေသတွင် စစ်တပ်နှင့် KNU, PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိအဆင့်တစ်ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU လက်အောက်ခံ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

KNU ၏ ကော်ဘရာစစ်ကြောင်း (၁)၊ PDF လက်အောက်ခံ ကျားသစ်နက်စစ်ကြောင်းနှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ MA3 သေနတ် ၁ လက်၊ RPG ဗုံးသီး ၃ လုံး၊ ၆၀ မမ ဗုံးသီး ၃ လုံးနှင့် အီနာဂါ ဗုံးသီး ၄ လုံး သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

လက်ခတ်တောင်ဒေသသည် စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) အခြေစိုက်ပြီး ဇူလိုင် ၅ ကတည်းက တိုက်ပွဲများဖြစ်နေသည်။

မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်ခံရမှုများ မကြာခဏ ဖြစ်ပေါ်နေသောကြောင့် စစ်တပ်ဘက်က ခံစစ်ပြင်သည့်အနေဖြင့် ကော့ကရိတ်မြို့ တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသည့် ဟောင်သရောမြစ်ကူးတံတားအနီးရှိ တောင်ကြာအင်းလမ်းပိုင်းကို စက်ယန္တရားများ အသုံးပြုပြီး ဖျက်ဆီးထားသည်။

KNU ထိန်းချုပ်နယ်မြေများတွင် ၂၀၂၃ ခုနှစ် ပထမ ခြောက်လတာ ကာလအတွင်း တိုက်ပွဲပေါင်း ၂၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၂၆၀၀ ကျော် သေဆုံးခဲ့ကာ KNU ဘက်က ၇၀ ကျော် သေဆုံးခဲ့ကြောင်း ဇူလိုင် ၉ ရက်စွဲဖြင့် KNU က ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချထားသည့် KNU က လက်နက်ကိုင်ခုခံလိုသူ လူငယ်များကို စစ်ပညာသင်ပေးခဲ့သလို စစ်တပ်ရန်ကြောင့် ထွက်ပြေးလာသူများကိုလည်း ခိုလှုံခွင့်ပေးခဲ့သည်။

KNU ၏ နယ်မြေများတွင် ၂၀၂၁ အစောပိုင်းကာလများကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ရာ နှစ်နှစ်ကျော်ကာလအတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့မှ ဒေသခံ ၅ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button