မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးစီမံကိန်းကြီးများ ပြန်လည်စတင်ရန် တရုတ်နှင့်အပြိုင် ကြိုးပမ်းနေသည့် အိန္ဒိယအစိုးရသည် မြန်မာပါဝင်သည့် သုံးနိုင်ငံအဝေးပြေးလမ်း တည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးခဲ့သည်။
ဇူလိုင် ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးတက်ရောက်လာသည့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာက စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ပြီး ထိုသို့ ဆွေးနွေးခြင်းဖြစ်သည်။
“ဒေသအတွက် အရေးပါတဲ့ ဆက်သွယ်ချိတ်ဆက်မှု အစပျိုးမှုတွေအကြောင်း ကျွန်တော်တို့ အဓိက ဆွေးနွေးခဲ့ပါတယ်။ နေ့လယ်ပိုင်း မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစည်းဝေးမှာလည်း ဒီကိစ္စတွေကို ဆက်ဆွေးနွေးပါမယ်။ အထူးသဖြင့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းစီမံကိန်း၊ မကြာသေးမီက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စီမံကိန်းတွေ အရှိန်မြှင့်ဖို့ အရေးကြီးတဲ့အကြောင်း အလေးပေးပြောကြားခဲ့ပါတယ်” ဟု ဂျေးရှန်ကာက Twitter စာမျက်နှာတွင် ရေးခဲ့သည်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုရေးမြို့မှ မြန်မာကို ဖြတ်သန်းကာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ဖောက်လုပ်မည့် ထိုအဝေးပြေးလမ်းစီမံကိန်းသည် ၂ဝ၁၉ တွင် အပြီးသတ်ရန် မျှော်မှန်းထားခဲ့သည်။
ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးမြှင့်ရန် ရည်ရွယ်သည့် ကီလိုမီတာ ၁၄ဝဝ ခန့် (မိုင်ပေါင်း ၈၇၀) ရှည်လျားသည့် အဝေးပြေးလမ်းမှာ ၇၀ ရာခိုင်နှုန်း ပြီးနေပြီး ကျန်ရှိသည့်အပိုင်းကို အပြီးသတ်ရန် အိန္ဒိယအစိုးရက နည်းလမ်းရှာဖွေနေသည်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းလိုက်ပြီးနောက် အိန္ဒိယနိုင်ငံသည် အာဏာသိမ်းစစ်ကောင်စီနှင့် ပုန်းလျှိုးကွယ်လျှိုး ထိတွေ့ဆက်ဆံရာမှ ၂၀၂၃ မှ စတင်ကာ ကိုယ်ကျိုးစီးပွားအတွက် ထိတွေ့ဆက်ဆံမှု ပိုလုပ်လာကြောင်း India For Myanmar အဖွဲ့တည်ထောင်သူတစ်ဦးဖြစ်သူ ဆလိုင်းဒိုခါရ်က ပြောသည်။
၂၀၂၁ အောက်တိုဘာတွင် ဖွဲ့စည်းသည့် ထိုအဖွဲ့သည် အိန္ဒိယအစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီကြား ဆက်ဆံမှု ဖြတ်တောက်ရေး ဖိအားပေးလှုပ်ရှားနေသည်။
အိမ်နီးချင်း တရုတ်အနေဖြင့် စစ်ကောင်စီကို အဖက်မလုပ်ဘဲ နေခဲ့ရာမှ ပြန်လည်ထိတွေ့ဆက်ဆံလာချိန် တရုတ်နှင့် ပိုမိုနီးစပ်မည့် အခြေအနေကြောင့် အိန္ဒိယကလည်း အလားတူဆက်ဆံခြင်းဖြစ်နိုင်ကြောင်း သူက ဆိုသည်။
“တရုတ်စီမံကိန်းတွေကို စစ်ကောင်စီက အထူးကြပ်မတ်ပေးပြီးတော့မှ သူ့စီမံကိန်းလည်ပတ်အောင် လုပ်ပေးနေတဲ့ပုံစံမျိုးကို စစ်ကောင်စီဆီကနေ ရရှိနိုင်ဖို့ မျှော်လင့်ချက်ထားတယ်လို့ ယူဆပါတယ်” ဟု ၎င်းက ဆိုသည်။
“သူ့ကိုယ့်ကျိုးစီးပွားကြည့်တာကို ကျွန်တော်တို့ လက်ခံတယ်။ နားလည်ပေးလို့ရတယ်။ သို့သော်လည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကိုယ်ကျိုးစီးပွားလိုရင်တော့ လုံးဝမပူးပေါင်းဖို့၊ ပူးပေါင်းမှုတွေ ရပ်တန့်ဖို့ လိုအပ်ပါတယ်”
စစ်ကောင်စီနှင့် အဆက်သွယ်ဖြတ်ပြီး မြန်မာ့ဒီမိုကရေစီအရေးကို ကူညီရန် တောင်းဆိုနေသော်လည်း အိန္ဒိယသည် ဆက်ဆံရေးတိုးမြှင့်ရုံသာမက စစ်အာဏာသိမ်းချိန်မှစ၍ စစ်လက်နက်ပစ္စည်းများပင် ဆက်လက်ပို့နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလအထူးကိုယ်စားလှယ် Tom Andrews ၏ အစီရင်ခံစာတွင် တွေ့ရသည်။
အိန္ဒိယ၏ မဟာဗျူဟာကျသည့် စီမံကိန်းကြီးတစ်ခုဖြစ်သော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ရန်ခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကို ယခုနှစ် မေလဆန်းတွင် ဖွင့်လှစ်ခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)