သတင်း

ယနေ့နံနက်က ပုဏ္ဏားကျွန်းမြို့အနီး တိုက်ပွဲဖြစ်သွား၍ တစ်ဦးဒဏ်ရာရ 

ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့်အနီးဆုံးမြို့ဖြစ်သည့် ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်ဆိပ်ကျေးရွာအကြား ကားလမ်းဘေးတွင် ယနေ့ နံနက် (၅) နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားရာ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ 

ရန်ကုန် – စစ်တွေကားလမ်းဘေးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွာထဲသို့ ကျည်ဆန်များကျရောက်လာသဖြင့် ယိုးငူ၊ ယိုးတရုတ် စသည့် ဘေးလွတ်ရာကျေးရွာများသို့ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကျောက်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းက ပြောသည်။

တိုက်ပွဲကြောင့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ကားများ ပိတ်မိနေပြီး ကျောက်တော်ဘက်မှ စစ်တွေဘက်သို့ ဦးတည်လာသည့် ခရီးသည်တင်ကားတစ်စီးကို ကျည်ဆန်ထိမှန်သောကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“ခရီးသည်ကားတွေကိုပါပစ်လို့ အကုန်လုံးပြန်လှည့်သွားရတယ်။ မိန်းကလေးတစ်ယောက်က ပေါင်ကို ကျည်ဖောက်သွားတယ်”ဟု အုပ်ချုပ်ရေးမှူး ဦးအေးထွန်းက ပြောသည်။

လူဦးရေ သုံးထောင်ကျော်ခန့် နေထိုင်သည့် ကျောက်ဆိပ်ကျေးရွာတွင် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေကြရပြီး လူမရှိသည့်အချိန်တွင် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာကဲ့သို့ မီးရှို့ခံရမည်ကို စိုးရိမ်နေကြသည်ဟုလည်း ဒေသများက ပြောသည်။ လက္ကာကျေးရွာမှာ ပြီးခဲ့သည့်မေလ ၁၆ ရက်က မီးရှို့ခံခဲ့ရသည်။ 

“ကျနော်တို့ ပြည်သူတွေက သိပ်ကြောက်ကြောက်လန့်လန့် ဖြစ်နေရတယ်။ ပြည်သူတွေကိုပဲ ပစ်နေတယ်။  ထမင်းမစားရဘဲ အိုးမရ၊ ခွက်မရ ထွက်ပြေးနေရတယ်။ စက်လှေနဲ့ ထွက်ပြေးလို့လည်း စက်လှေတစ်စီးမြုပ်သွားတယ်။ သေလားရှင်လားလည်းမသိ။ တစ်ယောက်ကိုတစ်ယောက် အရေးစိုက်ဖို့ မရခဲ့ဘူး။ ကိုယ်လွတ်ရာကို ရှောင်ရတာပဲ ”ဟု အမည်မဖော်လိုသည့် ကျောက်ဆိပ်ရွာသားတစ်ဦးက ပြောသည်။

နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲရပ်သွားသော်လည်း လက်နက်ကြီးပစ်ခတ်သံများထွက်ပေါ်နေသေးသဖြင့် ပိတ်မိနေသည့်ကားများ မထွက်ခွာနိုင်သေးကြောင်း သိရသည်။ ကျောက်ဆိပ်ကျေးရွာအတွင်း ကျန်ရှိနေသူများမှာလည်း ဘေးလွတ်ရာသို့ တဖြည်းဖြည်း ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမပေါ်ရှိ ပုဏ္ဏားကျွန်းမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားရာ နယ်မြေများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ကျောက်ဆိပ်ကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ အတွင်းက လက်နက်ကြီးကျရောက်မှုကြောင့် ရွာသားခုနစ်ဦးသေဆုံးခဲ့ပြီး အခြားရှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ 

အဆိုပါကျောက်ဆိပ်ကျေးရွာမှ ဒေသခံငါးဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ပြီးခဲ့သည့် ဧပြီလအတွင်း ဖမ်းဆီးခဲ့သည်။ AA နှင့် ပတ်သက်သည်ဟူသော သံသယဖြင့် ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်လာစဉ် စစ်ရေယာဉ်ပေါ်၌ လူမဆန်စွာရိုက်နှက်စစ်ဆေးခဲ့သည့်အပြင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့သည်။

ယခုလ ၁၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ပေါ်တွင် တပ်မတော်အရာရှိတစ်ဦး ဓားထိုးခံခဲ့ရပြီး ၎င်းအရာရှိနှင့်အတူပါသည့် တပ်သားသည်လည်း မည်သူမည်ဝါမသိရသူများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

ပြင်ဆင်ချက် – ‌ယနေ့နက်ပိုင်းတွင် ဒဏ်ရာရရှိသူ သုံးဦးဟု မူလက သတင်းဖော်ပြထားသော်လည်း ယနေ့ညနေပိုင်း အတည်ပြုချက်အရ ဒဏ်ရာရရှိသူတစ်ဦးသာဖြစ်သည့်အတွက် ပြန်လည်ပြင်ဆင်ထားပါသည်။ 

Show More

Related Articles

Back to top button