သတင်း

ချင်း-စစ်ကိုင်းနယ်စပ် စခန်းစီးနင်းမှုတွင် ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး သေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာရှိ စစ်ကောင်စီ အခြေစိုက်တပ်စခန်းကို ယမန်နေ့ (ဇူလိုင် ၁၁) နံနက်ပိုင်းတွင်   ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက် အကျအဆုံးရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

မြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ ထိုရွာတွင် အင်အား ၇၀ ဝန်းကျင်ဖြင့် အထိုင်ချ နေရာယူထားသောစခန်းကို ချင်းနှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နံနက် ၅ နာရီ ဝန်းကျင်ခန့်တွင် တိုက်ပွဲ အစပြုသည်၊ နံနက် ၈ နာရီခန့်တွင် ရဟတ်ယာဉ်များ၊ လေယာဉ်များ ရောက်လာသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) များအနက် တစ်ခုဖြစ်သော CDM Civic Defense Militia (Siyin-CDF) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

“တပ်စခန်းထဲကို ဝင်တိုက်တော့ မိုးမလင်းခင်လောက်က (ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်က) ၂ ယောက် ကျည်ထိထားတယ်။ သူတို့ဘက်က တော်တော်လေး ထိခိုက်တာတော့ ရှိတယ်။ သူတို့က ဂျက်လေယာဉ် ၄ စင်း သုံးပြီးတော့ ဗုံးတွေ ကြဲတယ်။ Mi 35 တွေနဲ့လည်း ပစ်တာလည်းရှိတယ်” ဟု သူက ဆက်ပြောသည်။

ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်မှ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသည်၊ သေဆုံးသူများထဲတွင် CDF (CDM-Siyin) အဖွဲ့နှင့် PDF Zoland အဖွဲ့တို့မှ တပ်ဖွဲ့ဝင် တစ်ဦးစီ ပါဝင်သည်ဟု ဆိုသည်။

၆ နာရီနီးပါး ကြာမြင့်ခဲ့သည့် သိုင်းငင်းစခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးမှုများ ရှိသလို ၎င်းတို့၏ လက်နက်ခဲယမ်းတချို့ကိုလည်း ကာကွယ်ရေးအဖွဲ့များက ယူဆောင်နိုင်ခဲ့သည်ဟု CDF (CDM Siyin) က ထုတ်ပြန်ချက်အရ သိရသည်။

နှစ်ဖက်ထိခိုက်မှုနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကိုင်းတိုင်း ကလေးမြို့မှ ၁၅ မိုင်ခန့်သာ ကွာဝေးသည့် သိုင်းငင်းရွာသည် ချင်းပြည်နယ်တောင်ပိုင်း ဖလမ်း၊ ဟားခါးနှင့် မြောက်ပိုင်း တီးတိန်ဘက်သို့ တက်ရာ လမ်းဆုံတွင် ရှိပြီး ဒေသတွင်း အချက်အချာကျသည့်နေရာ ဖြစ်သည်။

တီးတိန်မြို့နယ်၊ သိုင်းငင်းရွာ တည်နေရာပြမြေပုံ။

သိုင်းငင်းရွာတွင် ယခင်က ရဲကင်းစခန်းတစ်ခုသာ ရှိသည်၊ အာဏာသိမ်းပြီးနောက် စစ်သားအင်အား အများအပြား ရောက်လာပြီး တပ်စွဲ၍ ဂိတ်စခန်းဖွင့်ကာ နယ်မြေစိုးမိုးနိုင်ရေး ကြိုးပမ်းနေသည်ဟု ဒေသခံများအဆိုအရ သိရသည်။

အထက်ပါအကြောင်းများကြောင့် ဒေသကာကွယ်ရေးအဖွဲ့များကလည်း ထိုနေရာကို သိမ်းနိုင်ရေး ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ဖလမ်းနဲ့ တီးတိန်လမ်းခွမှာ ဆောက်ထားတဲ့ အဓိကဗျူဟာပွိုင့်ပေါ့။ အဲ့ဒီသိုင်းငင်းကို ကျွန်တော်တို့ ဝင်စီးနိုင်ရင်တော့ ကလေးမြို့ထဲကိုတောင် ကြိုက်တဲ့အချိန် ဝင်လို့ရတယ်။ ဗျူဟာအရ အသာစီးရနိုင်တယ် အဲ့ဒီစခန်းကိုသာ ရနိုင်ရင်ပေါ့။ လောလောဆယ်တော့ အဲ့ဒီစခန်းကို မရအောင်လို့ သူတို့လည်း ခံတိုက်နေတဲ့သဘောပေါ့” ဟု သူက ပြောသည်။

ပူးပေါင်းအဖွဲ့ ဝင်တိုက်သည့် စစ်စခန်းသည် ရွာမှ ဆိုင်ကယ်ခရီးဖြင့် ၁၀ မိနစ်ခန့်သာ ဝေးကွာသည့် ကုန်းပေါ်တွင် တည်ရှိသည်။

တပ်စခန်း တိုက်ခိုက်ခံနေရချိန် လေကြောင်းပစ်ကူသာမက ကလေးမြို့ပေါ်ရှိ အခြေစိုက်တပ်များက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသောကြောင့် ကာကွယ်ရေးပူးပေါင်းအဖွဲ့က နံနက် ၁၁ နာရီခန့်တွင် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

သိုင်းငင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသခံတို့ကို အနိုင်ကျင့်မှု များပြားလာသောကြောင့် တိုက်ခိုက်မှုမတိုင်မီ ၁၀ ရက်ခန့်အလိုကတည်းက CDF (CDM Siyin) က သတိပေးစာ ထုတ်ထားသည်။

ချင်းပြည်နယ်သည် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အစောဆုံးစတင်ခဲ့ရာ ဒေသတစ်ခုဖြစ်ပြီး အာဏာသိမ်းကာလ ၂ နှစ်ပြည့်သည့် ယခုနှစ်ဖေဖော်ဝါရီလဆန်းတွင် ပြည်နယ်တစ်ခုလုံးနီးပါး စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button