သတင်း

တပ်မတော်က ဖမ်းဆီးထားသည့် မြောက်ဦးဒေသခံသုံးဦးအတွက် မိသားစုဝင်များစိုးရိမ် 

အကြောင်းရင်း အတိအကျမသိရဘဲ တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ဒေသခံသုံးဦးသည် ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသည့်အတွက် မိသားစုဝင်များ စိုးရိမ်လျက်ရှိကြသည်။ 

ဖမ်းဆီးခံထားရသူ သုံးဦးမှာ မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာမှ အသက် ၃၁ နှစ်အရွယ် ကိုသန်းမြင့်ဌေး၊ ရွှေကျင်ပြင်ရွာမှ အသက် ၄၀ အရွယ်ဦးမျိုးနိုင်နှင့် အသက် ၃၈ နှစ်အရွယ် ဒေါ်မေလှရီတို့ဖြစ်ပြီး အချိန်နှင့်နေရာမတူဘဲ သီးခြားစီဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

မြောက်ဦးမြို့၏ မြောက်ဘက် ၈ မိုင်ခန့်အကွာရှိ လိပ်ဆင်းပြင်ရွာမှ အသက် ၃၁ နှစ်အရွယ် ကိုသန်းမြင့်ဌေးကို ဇွန် ၁၁ ရက် နံနက်အစောပိုင်းတွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ၎င်း၏နေအိမ်သို့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တိန်ညိုကျေးရွာတွင် ယာယီထိန်းသိမ်းထားခဲ့သည်။

ထိုနေ့တွင်ပင် မိသားစုဝင်များက တိန်ညိုရွာသို့ လိုက်လံခေါ်ယူသည့်အခါတွင် လတ်တလော ပြန်လွှတ်ပေးမည် မဟုတ်သေးဘဲ ဆက်လက်စစ်ဆေးရဦးမည်ဟု အဆိုပါတပ်မတော်စစ်ကြောင်းမှ အရာရှိတစ်ဦးက ပြောဆိုကြောင်း ကိုသန်းမြင့်ဌေး၏ဖခင် ဦးစံထွန်းဖြူက ပြောသည်။

အဖမ်းမခံရမီ ရက်အနည်းငယ်က ကိုသန်းမြင့်ဌေးတွင် ထော်လာဂျီမှောက်ရာမှ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိထားပြီး အခြေအနေစိုးရမ်ရသည့်အတွက် ပြန်လွှတ်ပေးရန်တောင်းဆိုသော်လည်း ယနေ့အထိလွှတ်ပေးခြင်း မရှိသေးဟုလည်း ၎င်းက ပြောသည်။

“ကျွန်တော့်သားက မဟုတ်တာ ဘာတစ်ခုမှ မလုပ်ထားပါဘူး၊ စစ်ဆေးပြီးလို့ အပြစ်မရှိရင်လည်း အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ဦးစံထွန်းဖြူကပြောသည်။

ထို့အပြင် ဇွန် ၁၆ ရက် ညနေ ၃ နာရီကလည်း ရွှေကျင်ပြင်ရွာမှ လင်မယားနှစ်ဦးဖြစ်သည့် ဦးမျိုးနိုင်နှင့် ဒေါ်မေလှရီတို့သည် ရွာအနီးတောအစပ်တွင် မျှစ်ချိုးရာမှ ပြန်လာစဉ် တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးသွားခဲ့သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောသည်။

ကိုသန်းမြင့်ဌေးအပါအဝင် ဖမ်းဆီးခံရသူသုံးဦးလုံးကို ယမန်နေ့က မြောက်ဦးမြို့နှင့် ၃ မိုင်ခန့်အကွာတွင်ရှိ ပေါတောပြင်ရွာအနီး သင်းကျစ်တောင်တွင်တပ်မတော်စစ်ကြောင်းက ချုပ်နှောင်ထားသည်ဟု သိရပြီး မိသားစုဝင်များအနေဖြင့် တွေ့ဆုံခွင့်မရသေးကြောင်း ဦးမြတ်ထွန်းက ပြောသည်။

ယမန်နေ့ မနက်က တိန်ညိုရွာမှထွက်လာသည့် တပ်မတော်စစ်ကြောင်းတစ်ခု လက္ကာရွာအနီးရောက်စဉ် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး အဆိုပါစစ်ကြောင်းမှာ ကိုသန်းမြင့်ဌေးကို ဖမ်းဆီးသွားသည့် စစ်ကြောင်းဖြစ်မည်ဟု မိသားစုဝင်များက သုံးသပ်သည်။

မြောက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ လိပ်ဆင်းပြင်ရွာမှ ကိုသန်းမြင့်ဌေး ဖမ်းဆီးခံရသည့်ဖြစ်စဉ်ကိုသိသော်လည်း ကျန်သည့် ဖမ်းဆီးခံရမှုများကိုမူ မသိရှိကြောင်း ပြောသည်။

ဒေသခံတချို့ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ရခိုင်တိုက်ပွဲများအတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့၏ ဖမ်းဆီးခံရသည့် ဒေသခံအရေအတွက်မှာ ပိုမိုတိုးမြင့်လာသည်။

စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ အချက်အလက်များအရ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း တပ်မတော်၊ ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခံရပြီး တရားစွဲဆိုခံထားရသူပေါင်း ၈၀၀ ကျော်အထိရှိနေပြီး အဆိုပါစာရင်းတွင် ဖမ်းဆီးထားပြီး တရားရုံးမတင်ရသေးသူများနှင့် AA အဖွဲ့၏ ဖမ်းဆီးခံရသူများ မပါဝင်သေးပေ။

Show More

Related Articles

Back to top button