
ယမန်နေ့ (ဇူလိုင် ၆ ) နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံ ၃ ဦးနှင့် မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၁ ဦးတို့ကို ဖမ်းဆီးပြီး ထိုရွာတွင်ပင် သတ်ဖြတ်သွားသည်ဟု သိရသည်။
စစ်ကိုင်းမြို့နယ်နှင့် နီးသော၊ မြင်းမူမြို့နယ်၏ အရှေ့ဘက် ၉ မိုင်ခန့်အကွာရှိ နဘဲကြူးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်တွင် လက်နက်ကိုင်အင်အား ၆၀ ခန့် ပါဝင်သည်ဟု သိရသည်။
စစ်ကြောင်းဝင်လာချိန် ဖမ်းဆီးခံလိုက်ရသူ အမျိုးသား ၃ ဦးမှာ အသက် ၂၀ ကျော်၊ ၃၀ ဝန်းကျင်နှင့် အသက် ၅၀ အရွယ်တို့ ဖြစ်သည်၊ ၎င်းတို့၏ အမည်များကိုမူ ရွာခံများ ထွက်ပြေးနေသဖြင့် တိတိကျကျ မသိရသေးပေ။
အသက် ၂၄ နှစ်အရွယ် ကာကွယ်ရေးအဖွဲ့ဝင်မှာ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာဖြင့် ဖမ်းဆီးခံလိုက်ရသူဖြစ်သည်ဟု မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ခင်သောင်းက ပြောသည်။
ယမန်နေ့ နံနက် ၁၁ နာရီခန့်က နဘဲကြူးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ ငါးဖွဲ့ခန့်က လက်နက်ကြီးများဖြင့် စုပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“သူတို့ဘက်က လက်နက်ကြီးပစ်တဲ့ဘက်ကို ကွေ့ပတ်ပြီးတော့ တက်လာပြီး ပစ်တာ။ အဖွဲ့တစ်ဖွဲ့က ကလေးက ခြေထောက်ထိသွားတာ။ မပြေးနိုင်တော့ အဲဒီကလေးက ကျန်နေခဲ့ပြီး မိသွားတာ” ဟု သူက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်း နဘဲကြူးရွာမှ ပြန်ထွက်သွားချိန် ရွာခံ ၃ ဦး၏ ရုပ်အလောင်းများကို ရွာလယ်ကောင်တွင် တွေ့ရကြောင်း၊ ကာကွယ်ရေးအဖွဲ့ဝင်၏ ရုပ်အလောင်းကိုမူ ရွာအနောက်ဘက်တွင် တွေ့ရသည်ဟု ရဲဘော်ခင်သောင်းက ဆိုသည်။
“စစ်ကြောင်းက ရွှေ့သွားတော့ နဘဲကြူးကို သွားကြည့်တော့ အဲဒီအဖမ်းခံလိုက်ရတဲ့ ကလေးကို သတ်သွားတယ်။ ဓားစားခံအနေနဲ့ ဖမ်းထားတဲ့ သုံးယောက်ကိုလည်း သတ်သွားတယ်” ဟု သူက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် နဘဲကြူးရွာမှ ယနေ့ (ဇူလိုင် ၇) ရက် နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားသည်၊ ထို့နောက် အရှေ့ဘက်ကပ်လျက် မီတာ ၅၀၀ ခန့်အကွာရှိ မကျီးကန်ရွာနှင့် မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ ဂုံညှင်းဆိပ်ရွာတို့ကို ဆက်လက်စီးနင်း၍ မီးရှို့နေသည်ဟုလည်း ရဲဘော်ခင်သောင်းက ပြောသည်။
မကျီးကန်ရွာကို ဝင်ရောက်စဉ် ရွာရှိ ဆေးပေးခန်းကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ ဆေးပေးခန်းနှင့် ဆေးပစ္စည်းများ ဆုံးရှုံးသွားသည်ဟု သိရသည်။ ဆုံးရှုံးမှုအရေအတွက်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ထို့နောက် စစ်ကောင်စီတပ်က မကျီးကန်ရွာ မြောက်ဘက် ၃ မိုင်အကွာ အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ဂုံညှင်းဆိပ်ရွာကို နံနက် ၁၀ နာရီခန့်တွင် ဆက်လက် ဖျက်ဆီးနေသည်ဟု ရဲဘော်ခင်သောင်းက ပြောသည်။
“ရွာတောင်ဘက်ပိုင်းကနေ စရှို့တာ။ တော်တော်လေး အခြေအနေဆိုးတယ်။ တစ်ရွာလုံးအတိုင်းအတာနဲ့ ရှို့နေတာ။ အဲဒီရွာကနေတော့ ထပ်မရွေ့သေးဘူး” ဟု ရဲဘော်ခင်သောင်းက ပြောသည်။
ဂုံညှင်းဆိပ်ရွာအတွင်း စစ်ကောင်စီတပ်က ဆက်လက်စီးနင်းနေဆဲဖြစ်ပြီး ယနေ့ ညနေ ၄ နာရီခန့်အထိ မီးလောင်နေဆဲဖြစ်သော်လည်း အသေးစိတ်အခြေအနေကို စုံစမ်းနိုင်ခြင်းမရှိသေးပေ။
မြင်းမူမြို့နယ်အတွင်း သတ်ဖြတ်မှု၊ မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
နေအိမ်များ ဖျက်ဆီးခံရမှုကို မှတ်တမ်းတင်နေသည့် Data for Myanmar က နိုင်ငံအနှံ့အပြားတွင် နေအိမ်ပေါင်း ၇၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊ စစ်ကောင်စီက အကြီးအကျယ် ထိုးစစ်ဆင်နေသည့် စစ်ကိုင်းတိုင်းသည် အိမ်မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး အိမ်ပေါင်း ၅၄,၀၀၀ ဖျက်ဆီးခံထားရသည်ဟု ဆိုသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ရွှေဘို၊ အရာတော်နှင့် ဝက်လက်မြို့နယ်များကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)