သတင်း

ရေဦးမြို့ပေါ် ရှိ စစ်ကောင်စီစခန်းနှစ်ခုကို PDF ဝင်တိုက်

‌စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ်တွင် ရှိသည့် စစ်ကောင်စီတပ်၏ စခန်းနေရာနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုနေရာနှစ်ခုမှာ တိုင်းရင်းဆေးရုံရှိ စစ်စခန်း၊ မြို့အနောက်ဘက်ရှိ ဂိတ်စခန်းတို့ ဖြစ်သည်ဟု ရွှေဘိုခရိုင် အမှတ် (၁၄) PDF တာဝန်ခံ ကိုဇွဲက ပြောသည်။

“တိုင်းရင်းဆေးရုံကတော့ ရန်သူ ၃ ယောက် သေတယ်လို့ သတင်းအတိအကျရတယ်။ မြို့အနောက်ဘက်ထွက်ပေါက်က ရွှေကျီးမင်းဂိတ်ပေါ့၊ အဲ့ဒီတိုက်ခိုက်မှုကတော့ အထိအခိုက် မသိရဘူး” ဟု ကင်းထောက်တပ်ဖွဲ့ဝင်များကို ကိုးကား၍ ကိုဇွဲက ဆိုသည်။

တိုင်းရင်းဆေးရုံရှိ စစ်စခန်းကို တိုက်ခိုက်ပြီး မိနစ်ပိုင်းအကြာမှာပင် ထိခိုက်သူများကို တင်ဆောင်သွားသည့် အရပ်ဘက် မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်တစ်စီးတို့ ရေဦးဆေးရုံဘက်သို့ မောင်းနှင်သွားသည်ကိုလည်း မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

စစ်သားများက ဗုံးသီးချသည့် ဒရုန်းကို လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်သော်လည်း အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ဇူလိုင် ၅ နှင့် ၆ ရက်နေ့များတွင် ရေဦးမြို့နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုးနေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခြင်းမျိုး မရှိသေးဟု ဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့များက မြို့မရဲစခန်းကို အလားတူ ဗုံးသီးချ တိုက်ခိုက်ခဲ့သေးသည်။ ထိခိုက်မှုအခြေအနေကို မသိရသေးပါ။

ရေဦးမြို့နယ်အတွင်း စစ်ကောင်စီ၏ ခြေကုပ်ရယူမှုနှင့် စစ်ပြေးဒုက္ခသည်များ

ခရိုင်မြို့အဖြစ် သတ်မှတ်ထားသည့် ရေဦးတွင် စစ်ကောင်စီတပ် တပ်စွဲထားသည့် အခြားနေရာများမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့အဝင်အထွက် နေရာ ၄ ခု၊ စာသင်ကျောင်းတို့တွင် ဖြစ်သည်။

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် ခံကတုတ်များ အခိုင်အမာတည်ဆောက်ကာ စစ်အင်အား ၅၀၀ ခန့်ဖြင့် နေရာယူထားကြခြင်း ဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များအဆိုအရ မြောက်ဘက်ရှိ တန့်ဆည်၊ အရှေ့ဘက်ရှိ ခင်ဦး၊ အနောက်တောင်ဘက်တွင် ရှိသည့် ဒီပဲယင်း၊ မြို့နယ်တစ်ခုခြားသည့် ရွှေဘိုအနောက်မြောက်ခြမ်းဒေသများသို့ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများသည် ရေဦးကို ဗဟိုပြုပြီး လှုပ်ရှားနေခြင်းဖြစ်သည်ဟု သိရသည်။

ထိုမြို့နယ်များအတွင်း စစ်ကြောင်းထိုးစဉ် ခုခံတိုက်ခိုက်မှုများနှင့် ကြုံတွေ့ရသည့်အခါများတွင်လည်း ရေဦးမြို့တွင်းစစ်စခန်းများက ၈၁ မမ၊ ၁၂၀ မမ တို့ကဲ့သို့သော လက်နက်ကြီးများဖြင့် ပစ်ကူပေးလေ့ရှိသည်။

UNHCR က ထုတ်ပြန်ထားသည့် စစ်တပ်အာဏာသိမ်းပြီနောက် ဒုက္ခသည်အရေအတွက်ကို ဒေသအလိုက် ဖော်ပြထားသည့် မြေပုံ။

ဇွန်လဆန်းပိုင်းကတည်းက ရေဦးမှ ထွက်လာသည့် အင်အား တစ်ရာခန့်ပါသည့် စစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်း  လှည့်လည်လျက်ရှိသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ရွှေဘို၊ အရာတော်နဲ့ ဝက်လက်မြို့နယ်များကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

ယမန်နေ့ (ဇူလိုင် ၆)တွင် စစ်ကောင်စီ လက်နက်ကိုင်တို့က ခင်ဦးမြို့နယ်အရှေ့ပိုင်းမှ ကျေးရွာများဖြစ်သည့် ယောက်သွားအိုင်၊ ထနောင်းကိုင်း၊ ရှားလွင်၊ ကုလားလူး၊ တမုတ်၊ ကုန်းကြီး စသည့် ကျေးရွာများအနီးတွင် လှည့်လည်သွားလာနေပြီး၊ ဒေသခံတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု သိရသည်။

နေအိမ်များ ဖျက်ဆီးခံရမှု အချက်အလက်များကို ကောက်ယူနေသည့် Data for Myanmar ၏ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်အရ နေအိမ်ပေါင်း ၇၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်၊ ထိုအထဲတွင် စစ်ကိုင်းတိုင်းအတွင်းမှ မီးရှို့ခံရသည့် နေအိမ်ပေါင်း ၅၄,၀၀၀ ဖြင့် အများဆုံးဖြစ်နေသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ မေလ ၁ ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်အရေအတွက် ၁,၈၂၇,၀၀၀ ရှိနေသည်။ ထိုအထဲတွင် စစ်ကိုင်းတိုင်းသည် စစ်ပြေးဒုက္ခသည်အရေအတွက် အများဆုံးဖြစ်နေပြီး ၇၆၃,၁၀၀ ဦး ရှိသည်။ 

နိုင်ငံတကာမဟာဗျူဟာ လေ့လာမှု (IISS) ၏ မှတ်တမ်းအရ ဇွန်လအတွင်း စစ်ကောင်စီတပ်နှင့် နိုင်ငံအနှံ့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးတို့ တိုက်ပွဲဖြစ်ပွားမှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှု၊ မောင်းသူမဲ့ယာဉ်ငယ်များဖြင့် တိုက်ခိုက်မှု အကြိမ်ပေါင်း ၅၆၄ ကြိမ် ဖြစ်ပွားခဲ့သည်။ 

ထိုအထဲတွင် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မကွေးတိုင်းတို့ ပါဝင်သော အပူပိုင်းဒေသတွင် တိုက်ပွဲပေါင်း ၁၆၄ ကြိမ် ဖြစ်ပွားခဲ့သည်ဟု IISS က မှတ်တမ်းတင်ထားသည်။

IISS မှတ်တမ်းတင်ထားသည့် ဇွန်လအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေပြဇယား။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button