
တပ်မတော်စစ်ကြောင်းတစ်ခု တပ်စွဲထားပြီး ရွာသားအချို့ကို ဖမ်းဆီးစစ်ဆေးနေသည့်အတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွာတစ်ရွာမှ လူ ၃၀၀၀ ကျော် မြို့နှင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေကြသည်။
တိုက်နယ်ရွာကြီးဖြစ်သည့် အပေါက်ဝရွာကို ဇွန် ၁၀ က တပ်မတော်စစ်ကြောင်းတစ်ခုဝင်ရောက်လာပြီး ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။ ထိုနေ့တွင်ပင် အပေါက်ဝရွာသား အသက် ၃၀ အရွယ် ကိုဝေလှမောင်နှင့် ယင်းရွာနှင့် တစ်မိုင်ခန့်ဝေးသည့် ပြိန်းချောင်းရွာမှ ရွာသားတစ်ဦးတို့ကို အပေါက်ဝရွာတွင် တပ်မတော်က ဖမ်းဆီးလိုက်သည်ဟု ရွာသားများက ဆိုသည်။
ထို့နောက် တပ်မတော်စစ်ကြောင်းက အပေါက်ဝရွာ၏ ရဲစခန်းနှင့် ရွာ၏အရှေ့ဘက်တွင် နေရာယူတပ်စွဲ ထားလိုက်ပြီး ထိုနေ့ညမှာပင် စစ်သည်များ တင်ဆောင်လာသည့် တပ်မတော်ရေမှ ကမ်းထိုးစစ်ရေယာဉ်နှစ်စီးနှင့် မော်တော်ဘုတ် နှစ်စီးတို့က ကုလားတန်မြစ်ဘေးရှိ အပေါက်ဝရွာကိုဆိုက်ကပ်လာသည်ဟု ရွာခံများက ပြောသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ တပ်မတော်က ရွာအတွင်းတပ်စွဲရုံဖြင့် ရွာသားများထွက်ပြေးခြင်း မဖြစ်နိုင်ကြောင်း၊ ရွာအတွင်းရှိ AA အဖွဲ့ဝင်များက ရွာသားများထွက်ပြေးရန် လှုံ့ဆော်ခြင်းကြောင့်သာ ဖြစ်မည်ဟု ဆိုသည်။
“သာမန်အားဖြင့်ကတော့ ရိုးသားတဲ့ရွာသားတွေ အနေနဲ့ကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး လှုံ့ဆော်မှုတစ်ခုခုရှိပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
တပ်စွဲပြီးနောက် ရွာအတွင်းလှည့်လည်စစ်ဆေးခြင်း ရွာအနီးတလျှောက် ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်လာသည့်အတွက် စိုးရိမ်ပြီး ထွက်ပြေးကြခြင်းဖြစ်သည်ဟု အနီးအနားရွာတစ်ရွာကို တိမ်းရှောင်နေသည့် ဦးစိန်အောင်မြင့်က ပြောသည်။
“တပ်က စရောက်တဲ့ညကလည်း ရဲစခန်းဘက်က သေနတ်သံတွေကြားရတယ်၊ မြစ်ထဲကလည်းပစ်တယ် ဘယ်ကိုပစ်နေလည်းတော့မသိဘူး ဒီတော့ ကျွန်တော်တို့လည်းမနေရဲတော့ဘူး” ဟု ဦးစိန်အောင်မြင့်က ပြောသည်။
အပေါက်ဝရွာသားများထွက်ပြေးနေရကြောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းဝင်းက အတည်ပြုသည်။
ယနေ့နံနက် စစ်တွေမှကျောက်တော်သို့ပြန်လာသည့်လမ်းတွင် အနည်းဆုံးကားသုံးစီးနှင့် ကျောက်တော်ဘက်သို့ တိမ်းရှောင်လာသည့် အပေါက်ဝရွာသားများကိုတွေ့ရသလို အထုပ်အပိုးများကိုထမ်းပြီး လမ်းလျှောက်ကာ တိမ်းရှောင်လာသည့် ရွာသားများကိုလည်း တွေ့ရသည်ဟု ၎င်းကဆိုသည်။
အပေါက်ဝရွာမှာ ကျောက်တော်မြို့၏ တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး တိုက်နယ်ဆေးရုံ၊ ရဲစခန်း၊ စာသင်ကျောင်း၊ ဈေး တို့ဖြင့် အိမ်ခြေ ၁၄၀၀၊ လူဦးရေ ၁၀,၀၀၀ နီးပါးရှိသည့် တိုက်နယ်ရွာကြီးတစ်ရွာဖြစ်သည်။
အပေါက်ဝရွာတွင် ရပ်ကွက်ကြီး ငါးခုရှိပြီး ယနေ့နေ့လယ်ပိုင်းတွင် ချောင်းဝရပ်ကွက်နှင့် ပေါ်တော်မူရပ်ကွက် များမှ ရွာသားအားလုံးနီးပါး ထွက်ပြေးသွားကြပြီဟု ကျောက်တော်မြို့တွင် တိမ်းရှောင်နေသည့် ကိုမောင်လှရွှေက ပြောသည်။
အပေါက်ဝရွာမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ရွာအနီးမိုင်းခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ရွာအတွင်းသို့ ပစ်ခတ်ခံရမှုများဖြစ်ပွားခဲ့ဖူးသော်လည်း ရွာသားများထွက်ပြေးရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ကိုမောင်လှရွှေက ပြောသည်။
ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်တော် AA အဓိက ခြေကုပ်ယူထားရာ နေရာတစ်ခုဖြစ်ပြီး မြို့နယ်အတွင်းရှိ ရန်ကုန်စစ်တွေ ကားလမ်းနှင့် အလှမ်းဝေးသည့် နေရာများတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အမြဲတစေဖြစ်ပွားလေ့ရှိသည်။ ထို့ပြင် ချင်းပြည်နယ် ပလက်ဝသို့ ရေလမ်းခရီးဖြင့် ရောက်နိုင်သည့် တစ်ခုတည်းသော ဂိတ်ပေါက်လည်းဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးတွင် အရေးပါသည့်မြို့ ဖြစ်သည်။