
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများအတွင်း သေဆုံးခဲ့သည့် ဒေသခံတိုင်းရင်းသား အရေအတွက်မှာ ငါးလနီးပါးအတွင်း ၄၀ ကျော် ရှိလာပြီဖြစ်သည်။
ချင်းတိုင်းရင်းသား စစ်ရှောင်များအရေး ကူညီပေးနေသည့် CHIN IDP Support Committee (CISC) ၏ ယခုနှစ် ဇန်နဝါရီမှ မေ ၅ ရက်ထိ စာရင်းများအရ တိုက်ပွဲများကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အရပ်သား ၄၀ ဦးသေဆုံးခဲ့သည်ဟု အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။
သေဆုံးသည့်အရေအတွက်ထက် “ဒဏ်ရာရတာက တော်တော်လေးများတယ်၊ လောလောဆယ်တော့ များတယ်လို့ပဲ ပြောလို့ရဦးမယ်၊ စာရင်းကိုတော့ ဆက်လက်ပြုစုနေတုန်းပဲ” ဟု CISC မှ အတွင်းရေးမှူး ဆလိုင်းကျော်အောင်ပြောသည်။
သေဆုံးမှုအရေအတွက်တွင် ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အတွင်းသေဆုံးခဲ့သူများ မပါဝင်သေးပေ။
စုစုပေါင်း သေဆုံးသူ ၄၀ အနက် ၂၉ ဦးမှာ ဗုံးကြဲခံရသည့် ဖြစ်စဉ်များတွင် သေဆုံးခဲ့ကြခြင်းဖြစ်ပြီး ကျန်အရေအတွက်မှာ လက်နက်ကြီးထိမှန်ခြင်း၊ သေနတ်ထိမှန်ခြင်းတို့ကြောင့် သေဆုံးခဲ့ကြသူများဖြစ်သည်။
ဗုံကြဲခံရသည့်ရွာများမှာ တပ်မတော်နှင့် AA တို့ ရက်ပေါင်း ၄၀ ကျော် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကြသည့် ကုလားတန်မြစ်ကြောင်းနှင့် မီး ချောင်းဆုံရာအနီးရှိ ရွာများဖြစ်ပြီး ပလက်ဝမြို့နှင့် သုံးမိုင်သာဝေးသည့် နန်းချောင်းဝရွာလည်း ပါဝင်သည်။
ထို့အပြင် ယမန်နေ့ နံနက်အစောပိုင်းက ရွာသို့ခေတ္တပြန်ကာ အသုံးအဆောင်ပစ္စည်းများပြန်ယူသည့် နန်းချောင်းဝရွာသားတစ်ဦး သေနတ်နှင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ရာ သေဆုံးသူစုစုပေါင်း ၄၁ ဦးအထိ ရှိလာပြီဖြစ်သည်။
စိမ့်စင်းရွာတွင် စစ်ရှောင်နေကြသည့် နန်းချောင်းဝ၊ သူဌေးကုန်း၊ လယ်လှ စသည့်ရွာများမှ ရွာသားများမှာ စစ်တပ်၏ခွင့်ပြုချက်ဖြင့် ယနေ့မနက် ၁၀ နာရီခန့်က သက်ဆိုင်ရာရွာများသို့ ကားတစ်စီးဖြင့်သွားရောက်ကာ အိမ်အသုံးအဆောင်ပစ္စည်းများပြန်ယူခဲ့ကြသည်ဟု သေဆုံးသူ နန်းချောင်းဝရွာသား ဦးမျိုးသန်း၏ အစ်ကို ဦးလင်းဘွယ်က ပြောသည်။
“ကားလမ်းဘေးမှာရှိတဲ့ ဘုန်းကြီးကျောင်းဘေး သရက်တောထဲက ပစ်တယ်လို့သိရတယ်။ ဘယ်သူပစ်တာလည်းတော့ မပြောနိုင်ကြဘူး” ဟု ဦးလင်းဘွယ်က ပြောသည်။
လတ်တလောတွင် ဦးမျိုးသန်း၏အလောင်းကို သေနတ်ပစ်ခတ်ခံရသည့်နေရာအနီးအနားတွင်ပင် မြေမြှုပ်သင်္ဂြိုဟ်လိုက်သည်ဟု ကြားရသော်လည်း အတိအကျမသိရပေ။
နန်းချောင်းဝရွာမှာ ပလက်ဝမြို့၏တောင်ဘက် ၃ မိုင်ခန့်အကွာတွင်ရှိပြီး ပြီးခဲ့သည့် ဧပြီအတွင်းက ရွာအနီးတိုက်ပွဲများဖြစ်ပွားစဉ် တပ်မတော်မှ ရဟတ်ယာဉ်နှင့် ပစ်ခတ်မှုကြောင့် နေအိမ် ခုနစ်လုံးမီးလောင်ကာ လူ ခုနစ်ဦးသေဆုံးခဲ့သည့်ရွာဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့် နှစ်လခန့်ကလည်း ရွာအတွင်းမီးလောင်မှုဖြစ်ပွားပြီး ရွာရှိ စုစုပေါင်း နေအိမ် ၄၀ ကျော်အနက် သုံးပုံ နှစ်ပုံခန့် မီးလောင်ကျွမ်းခဲ့သည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းသို့ ရက္ခိုင့်တပ်တော် AA စတင်အခြေချသည့် ၂၀၁၅ ခုနှစ်မှစ၍ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း သိပ်မပြင်းထန်ခဲ့ပေ။
ယခုနှစ်ဆန်းပိုင်းမှစ၍ ကျောက်တော်နှင့် ပလက်ဝဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကုလားတန်မြစ်ကြောင်းနှင့် မီးချောင်းတို့ဆုံရာအနီးတွင် တပ်မတော်နှင့် AA တို့ ရက်ပေါင်း ၄၀ ကျော် တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်တွင် ပလက်ဝမြို့အနီးဝန်းကျင်သည် တိုက်ပွဲများ၏ ဗဟိုချက် ဖြစ်လာခဲ့သည်။