ရခိုင်ပြည်နယ် စစ်တွေ အကောက်ရုံလမ်းရှိ Hotel Memory အနီး KBZ ဘဏ်ခွဲ (၂) ကို ယနေ့ ညနေ ၄ နာရီကျော်ခန့်တွင် မျက်နှာဖုံးဝတ်လူလေးဦးက ဓားပြဝင်တိုက်ပြီး သိန်း ၁,၈၀၀ ကျော် လုယူသွားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဓားပြတိုက်ခဲ့သည့် လူလေးဦးကို လိုက်လံဖမ်းဆီးခဲ့ရာ အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာ ငွေများနှင့်အတူ လွတ်မြောက်နေဆဲဖြစ်သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟက “စစ်ဆေးတုန်းပဲ ရှိပါသေးတယ်၊ အရပ်သားတွေပါပဲ” ဟု Myanmar Now ကို ပြောသည်။ ထို့ပြင် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်မှု ရှိမရှိကိုမူ စစ်ဆေးနေဆဲပင် ရှိသေးသည်ဟု ရဲမှူးကြီးက ဆိုသည်။ တပ်မတော်သတင်းမှန် ပြန်ကြားရေး ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ယခုတိုက်ခိုက်မှုမှာ ရက္ခိုင့်တပ်တော် (AA) ၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲသည်။ AA ပြောခွင့်ရ ခိုင်သုခက စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး “ဒါက ဘာကိုဖော်ပြနေသလဲဆိုတော့ တရားဥပဒေစိုးမိုးရေး လုံးဝမရှိဘူး။ အစိုးရရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးစနစ်ကို ဖော်ပြနေတာ ဖြစ်တယ်” ဟု ဆိုသည်။ ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် ကမ္ဘောဇဘဏ်ခွဲ သုံးခုရှိပြီး ယခု တိုက်ခိုက်ခံရသည့် ဘဏ်ခွဲမှာ မြို့လယ်ကောင်ရှိ ဘဏ်ခွဲ အမှတ် (၂) ဖြစ်သည်။ ယခုကိစ္စနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး အသေးစိတ်သိရှိရပါက ထပ်မံဖော်ပြပါမည်။



