သတင်း

ဖမ်းဆီးမှုများလာသဖြင့် ရခိုင်မှ အုပ်ချုပ်ရေးမှူးအချို့ ရာထူးမှ နုတ်ထွက်ရန် ပြင်ဆင်

တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးသုံးဦးကို တပ်မတော်က ဖမ်းဆီးလိုက်ပြီးနောက်ပိုင်း လုံခြုံရေးကြောင့် အုပ်ချုပ်ရေးမှူးအချို့ ရာထူးက နုတ်ထွက်ရန် ပြင်ဆင်နေကြသည်။

မြေပုံမြို့ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက ဇွန် ၃ က ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြီးခဲ့သည့်မေ ၃၁ တွင် ရွာသစ်ကေ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် မြေပုံမြို့နယ် အငူအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်တို့ကို တပ်မတော်က ဖမ်းဆီးခဲ့သည်။

ကျန် အုပ်ချုပ်ရေးမှူးများမှာ ယင်းကဲ့သို့ အဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် နုတ်ထွက်ရန် စီစဉ်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် သတိကြီးစွာဖြင့် နေထိုင်နေရသည်ဟု အမည်မဖော်လိုသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးက Myanmar Now ကို ပြောသည်။

“ကျနော်တို့ကတော့ ကိုယ့်အတွက် မလုံခြုံရင် နုတ်ထွက်ဖို့ကျရင် နုတ်ထွက်မယ်။ အခုက သိပ်အန္တရာယ်များတဲ့ အချိန်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဖက်လက်နက်ကိုင်ကြားမှာ ကိုယ့်အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုမရှိ၊ နောက်ပြီးတော့ မိခင်ဝန်ကြီးဌာနက အကြီးအကဲတွေအနေနဲ့လည်း တာဝန်ခံမှုမရှိ။ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုဖြစ်တယ် ဆိုတာကို အထက်ကလူကြီးချင်းလည်း ညှိနှိုင်းမပေးဘူး” ဟု ၎င်းက ဆိုသည်။

Myanmar Now က ဆက်သွယ်ခဲ့သည့် အုပ်ချုပ်ရေးမှူးများ၏ နာမည်များကို ၎င်းတို့၏လုံခြုံရေးအရ မဖော်ပြနိုင်ပါ။

လက်ရှိအနေအထားအရ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့က နှစ်ဖက်အဖွဲ့အစည်းများကို ဆက်သွယ်သည်ဟု အပြန်အလှန် သံသယဖြင့် ကြည့်ရှုနေသောကြောင့် အန္တရာယ်ရှိသောအခြေအနေသို့ ရောက်နေသည်ဟု အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

“ကျွန်တော်တို့က မြို့နယ်ဌာနဆိုင်ရာပိုင်းနဲ့ လည်ပတ်တဲ့အခါ သူတို့ (AA) က အယုံအကြည်မရှိဘူး။ သူတို့ အယုံအကြည်မရှိသလို ကျနော်တို့ တာဝန်ထမ်းဆောင်နေတဲ့အစိုးရ၊ နောက် စစ်တပ်လာရင်လည်း ကျနော်တို့ကို မယုံ။ ကျွန်တော်တို့က ကြားက မြေစာပင်လို ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် မိမိအစီအစဉ်ဖြင့် တစ်ဦးချင်းအလိုက် နုတ်ထွက်ရန်စီစဉ်နေကြခြင်းဖြစ်သည်။ Myanmar Now က ဆက်သွယ်ခဲ့သည့် အုပ်ချုပ်ရေးမှူး (၃) ဦးကမူ ရာထူးက နုတ်ထွက်ကြမည်ဟုဆိုသည်။ သို့သော် မည်သည့်အချိန်တွင် နုတ်ထွက်မည်ဆိုသည်ကို မသိရပေ။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုစလုံးကို ကြောက်ရသကဲ့သို့ နှစ်ဖက်စလုံးကိုလည်း ကူညီရသောကြောင့် “ကြားညပ်” နေကြသဖြင့် ရာထူးက နုတ်ထွက်ရန် စိုင်းပြင်းနေကြသည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက Myanmar Now ကို ပြောသည်။

“ဒီလို တိုက်ပွဲဖြစ်နေတဲ့ကာလမျိုးမှာ အုပ်ချုပ်ရေးမှူးတွေ အဖမ်းခံရမယ်။ ကိုယ့်အလုပ် ကိုယ်မလုပ်နိုင် သို့မဟုတ် နုတ်ထွက်ကြမယ်ဆိုရင် မြို့နယ်ထဲမှာ တရားဥပ‌‌ဒေ အားနည်းသွားမယ်။ အုပ်ချုပ်ရေး ပျက်သွားမယ်။ အဲဒီအကျိုးဆက်ကြောင့် ပြည်သူလူထုမှာ ပိုပြီး လုံခြုံမှုအားနည်းလာမယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိလာမယ်။ ဒါကြောင့် ဒီကိစ္စတွေဟာ အကောင်းဘက်ကို ဦးမတည်ဘူး” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံထားရသည့် အုပ်ချုပ်ရေးမှူးသုံးဦးအနက် ဦးကျော်မြင့်နှင့်ဦးမောင်ဇော်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပ‌‌‌ဒေနှင့် အမှုဖွင့်ထားသည်ဟု သိရသော်လည်း မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို စုံစမ်းနေဆဲဖြစ်သည်။ ဦးအောင်သန်းကိုမူ မိသားစုဝင်များ တွေ့ခွင့်မရကြသေးပေ။

အထက်ပါကိစ္စများနှင့် ပတ်သက်ပြီး မေးမြန်းရန်အတွက် မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနီကျော်ကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြား ခြင်းမရှိပေ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ “မသိသေးဘူး၊ အေအေ နဲ့ ပတ်သက်လို့ပဲ ဖြစ်မှာပေါ့။ မပတ်သက်ရင်တော့ ဖမ်းစရာ မရှိဘူး” ဟု ဆိုသည်။

သတ်ဖြတ်မှုများနှင့် ဖမ်းဆီးခံရမှုများများကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြခြင်းမှာ ယခုမှဖြစ်ပွားနေခြင်း မဟုတ်ဘဲ ၂၀၁၉ ခုနှစ်ကတည်းက မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များတွင်လည်း ဖြစ်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကလည်း မင်းပြားမြို့နယ်က အုပ်ချုပ်ရေးမှူး (၇၀) ဦးနီးပါး နုတ်ထွက်စာတင်ခဲ့ကြသည်။

Show More

Related Articles

Back to top button