သတင်း

ကနီမြို့ပစ်ခတ်မှုများတွင် ဒေသခံတချို့ ဒဏ်ရာရ၊ သေဆုံး

ယမန်နေ့ (ဇွန် ၁၉) နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် စစ်ကောင်စီ တပ်သားများ ကင်းလှည့်နေချိန် ချုံခိုတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်စခန်းဘက်မှ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့သည်။

ကင်းလှည့်နေသော ရဲနှင့် စစ်သား ၂၀ ခန့်ကို ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၊ ကနီမြို့ပေါ် အမှတ် (၃) ရပ်ကွက်ရှိ ကြို့ပင်သာဘုရားအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ယင်းမာပင်ခရိုင် အမှတ် (၃၀) တပ်ရင်းက တိုက်ခိုက်ခဲ့သည်။

ထိုတပ်ရင်းကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) ဟု ဒေသတွင်း ခေါ်ဝေါ်ကြသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ရဲတချို့ သေဆုံးသည်၊ G3 အမျိုးအစား သေနတ်တစ်လက်၊ ခဲယမ်းများနှင့် ငွေကျပ် နှစ်သိန်းကို သိမ်းဆည်းရမိခဲ့သည်ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်သည်။

ချုံခိုတိုက်ပွဲအပြီး ကနီရဲစခန်းအနောက်ဘက်ရှိ ရွှေစည်းခုံတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည်၊ မြို့အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ အမှတ် (၃) ရပ်ကွက်မှ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ ၁၂ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးနှင့် မြို့ခံ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

“ကျောင်းမှာ တက်နေတဲ့ ကျောင်းသားလေးတစ်ယောက်တော့ လက်နက်စထိတယ်လို့ ကြားရတယ်။ (တိုက်ပွဲ) ဖြစ်တဲ့ နေရာက မြို့ပြင်။ ယာခင်းမှာ လယ်ထွန်နေတဲ့အမျိုးသမီးတွေ ထိတာ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပြီး လျှောက်ပစ်တာ၊ ထင်ရာမြင်ရာ လျှောက်ပစ်တာ” ဟု တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သည့် ကနီမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ လက်နက်ကြီး ပစ်ခတ်သည့် ရွှေစည်းခုံဘုရားတောင်ကုန်းနေရာအနီး ဆေးရုံ၊ စာသင်ကျောင်းနှင့် ဌာနဆိုင်ရာရုံးများ ရှိကြောင်း သိရသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်မျိုးနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့မရှိပေ။

လက်ရှိတွင် ကနီမြို့နယ်ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချ တပ်စွဲထားပြီး ကမ်းနားလမ်း ရေကင်းရုံး၊ အမှတ် (၃) ရပ်ကွက်၊ ဆေးရုံ၊ ဘဏ်အနီး ကင်းချထားကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

ကနီမြို့နယ်တွင် ပြည်သူ့စစ် ခေါ် ပျူစောထီးများ တပ်စွဲထားသည်၊ ရေလယ်ကျွန်းဒေသအပါအဝင် မြို့ပေါ်၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းစစ်တပ်ကို ရရာလက်နက်ဖြင့် အစောဆုံးခုခံမှုများတွင် ပါဝင်သည့် ကနီမြို့နယ်တွင် လှုပ်ရှားနေသည့် ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေထိစပ်နေသည့်ဒေသများမှ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်နေသည်။

ပြီးခဲ့သည့် ဇွန် ၁၃ က ကနီမြို့အောက်ဘက်ရှိ ချောင်းဦးမြို့နယ်အတွင်း ပျူစောထီး အားကောင်းရာ ကံဇီးရွာကို ချောင်းဦးနှင့် မုံရွာအခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့ ၇ ဖွဲ့ ပူးပေါင်း၍ စီးနင်းခဲ့သေးသည်။ ထိုစီးနင်းမှုအပြီးတွင် ရွာအနောက်ဘက် ပျူစောထီးစခန်းမှ ၁၂ ဦးကို ဖမ်းမိခဲ့သည်ဟု သိရသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များ စီးနင်းခဲ့သော ကံဇီးရွာ။

ထို ၁၂ ဦးမှာ ချောင်းဦးမြို့အနောက်ဘက် ၅ မိုင် အကွာ၊ ချောင်းဦး-အမြင့်လမ်းဘေးရှိ အဆိုပါရွာမှ ဒေသခံများဖြစ်သည်ဟု PDF မုံရွာခရိုင် အမှတ် (၅) တပ်ရင်းမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဝင်စီးတော့ လက်နက်ကိုင်ထားတဲ့သူမရှိဘူး။ သာမန်ပျူတွေ၊ ပျူနဲ့ ဆက်နွှယ်သူတွေပဲ ရှိတာ။ ပြည်သူတွေကနေ ခိုးဆိုးလုနှိုက်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်”

ဖမ်းဆီးခံရသူ ၁၂ ဦးမှာ အသက် ၂ နှစ်အရွယ်နှင့် ၁၀ နှစ်အရွယ် ယောကျ်ားလေးနှစ်ဦး၊ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးရှစ်ဦးတို့ဖြစ်ပြီး ယင်းညနေမှာပင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ဖမ်းဆီးရမိတဲ့သူတွေကို တရားစီရင်ရေးအပိုင်းက ကျွန်တော်တို့ လုပ်ပိုင်ခွင့်မဟုတ်တဲ့အတွက်ကြောင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို လွှဲပြောင်းအပ်နှံထားပါတယ်။ တရားစီရင်ရေးနဲ့ စစ်ဆေးတဲ့အပိုင်းကို မြို့နယ်ပအဖကပဲ ဆက်လက်လုပ်ဆောင်မှာပါ” ဟု ၎င်းက ပြောသည်။

ဇွန် ၁၃ တွင် စီးနင်းခံရပြီးနောက် ကံဇီးရွာအတွင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့သည် ညအချိန်များတွင် ရွာပတ်ပတ်လည်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ် ပစ်ခတ်နေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button