သတင်း

ထိုင်းအိမ်စောင့်အစိုးရ၏ မြန်မာ့အရေးဆွေးနွေးပွဲအပေါ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ သတိပေး

အာဆီယံထိပ်သီးအဆင့် အစည်းအဝေးများသို့ စစ်ကောင်စီ ပြန်လည်တက်ရောက်ခွင့်ရရေး ထိုင်းအိမ်စောင့်အစိုးရ၏ ကြိုးပမ်းမှုသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး၏ အခန်းကဏ္ဍနှင့် ကြိုးပမ်းချက်များကို သိလျက်နှင့် သွေဖည်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်သည်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားပြီး မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းအိမ်စောင့်အစိုးရက ဦးဆောင်ကာ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေတွင် ယမန်နေ့ (ဇွန် ၁၉) က ပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲရှုံးနိမ့်ထားပြီး လာမည့်လပိုင်းအတွင်း အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးရတော့မည့် အချိန်တွင် ထိုဆွေးနွေးပွဲကို အလျင်စလို စီစဉ်ခဲ့ခြင်းဖြစ်သည်။

မကြာမီ ရာထူးမှ အနားယူရတော့မည့် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinnai ဦးဆောင်သော ထိုဆွေးနွေးပွဲမှာ ခိုင်မာသောရလဒ်တစ်ခုမျှ ထွက်ပေါ်ခြင်းမရှိဘဲ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား အပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ ငြင်းပယ်မှုများ၊ ဝေဖန်မှုများဖြင့် အဆုံးသတ်ခဲ့သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများထံ ဇွန်လ ၁၄ က ပေးပို့ခဲ့သော နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်စာအရ ဆွေးနွေးပွဲကို မူလက ဇွန်လ ၁၈ နှင့် ၁၉ အထိ နှစ်ရက်ကျင်းပရန် စီစဉ်ခဲ့သော်လည်း လက်တွေ့၌ တစ်ရက်သာ ကျင်းပနိုင်ခဲ့သည်။

အလျင်စလို စီစဉ်ခဲ့သော အဆိုပါဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာကို ဝန်ကြီးဒွန်၏ ဖိတ်စာတွင် ဖော်ပြရာ၌ အာဆီယံထိပ်သီးအစည်းအဝေးပွဲများသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြန်လည်တက်ရောက်ခွင့်ပေးရေးနှင့် စစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကာ အပြည့်အဝ ပြန်လည်ဆက်ဆံရန်ဖြစ်သည်။

၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံတစ်ခုက အာဆီယံအနေဖြင့် မြန်မာစစ်ကောင်စီကို အပြည့်အဝ ပြန်လည်ဆက်ဆံရန် အချိန်ရောက်ပြီဆိုသော ဆွေးနွေးချက်ကို ကိုးကားပြီး၊ ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်ဟု ဝန်ကြီးဒွန်၏ ဖိတ်စာတွင် ဖော်ပြထားသည်။

ဖိတ်စာရရှိပြီး နောက်တစ်ရက်မှာပင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက တုံ့ပြန်ခဲ့သောစာတွင် ထိုင်းအိမ်စောင့်အစိုးရ၏ လုပ်ရပ်သည် အာဆီယံခေါင်းဆောင်များအကြား သဘောတူညီထားခြင်း မရှိသော လုပ်ရပ်အဖြစ် သံတမန်ဆန်ဆန် ငြင်းပယ်ခဲ့သည်။

“၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာအရေးကို အာဆီယံခေါင်းဆောင်များ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့သည်မှာ မကြာသေးကြောင်း၊ မြန်မာပြဿနာနှင့် စပ်လျဉ်းပြီး (စစ်ကောင်စီကို) ပြန်လည်ဆက်ဆံရေး သို့မဟုတ် နည်းလမ်းသစ် ရှာဖွေရေးကို အာဆီယံခေါင်းဆောင်များအကြား သဘောတူထားခြင်း မရှိကြောင်း” ၊ ထို့ကြောင့် ဆွေးနွေးပွဲကို မတက်ရောက်နိုင်ကြောင်း ရက်နိုမာဆူဒီက ငြင်းဆန်ခဲ့သည်။

ရက်နိုက “ထို့ပြင် ဝန်ကြီးဒွန်ကိုယ်တိုင် ကောင်းစွာသိရှိထားသည့်အတိုင်း အထူးကိုယ်စားလှယ်ရုံးအနေဖြင့် လက်ရှိကာလတွင် မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံနေပြီး နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်လာစေရန် အမြော်အမြင်ဖြင့် လုပ်ဆောင်နေကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးအဆင့်တွင် ကျွန်မ၏တာဝန်ကို ကျွန်မဆောင်ရွက်နေကြောင်း၊ လာမည့် ရက်သတ္တပတ်လေးပတ်ပင် မရှိတော့သည့် အချိန်အတွင်း ဂျကာတာ၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပြီး၊ မြန်မာအရေး ထပ်မံဆွေးနွေးရန်လည်း ရှိနေသည်ကို သတိပြုလျက် ရှိပြီးသား အရှိန်အဟုန်ကို ကျွန်မတို့ (အာဆီယံအဖွဲ့ဝင်အားလုံး) က စောင့်ထိန်းရမည်မှာ အလွန်အရေးကြီးကြောင်း” ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို သတိပေးခဲ့သည်။

အမေရိကန်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသော စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် ထိုင်းအိမ်စောင့်အစိုးရ၏ လုပ်ရပ်အပေါ် သတင်းထောက်တစ်ဦး၏ မေးမြန်ချက်ကို တုံ့ပြန်ရာ၌ “ထိပ်သီးအစည်းအဝေး ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့်တောင်မှပဲ စစ်ကောင်စီနဲ့ ပြန်လည်ဆက်ဆံဖို့ အချိန်မတန်သေးဘူးလို့ ကျွန်တော်ယုံကြည်ထားတယ်” ဟု တုံ့ပြန်ခဲ့သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနှင့် အဓိကကျသော အဖွဲ့ဝင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့၏ ထိုင်းအိမ်စောင့်အစိုးရ၏ လုပ်ရပ်အပေါ် တုံ့ပြန်မှုက ရှင်းလင်းပြတ်သားသည်။

မည်သည့်ရလဒ်မျှ မထွက်လာဘဲ အဖွဲ့ဝင်နိုင်ငံများ၏ ဝေဖန်မှုကို ခံခဲ့ရသော အဆိုပါဆွေးနွေးပွဲအပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်က “ယခုအစည်းအဝေးက ဇူလိုင်လမှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်နေပါတယ်။ ကျွန်တော်တို့မှာ အချိန်မရပါဘူး။ မြန်မာ့အရေးကို ဆွေးနွေးဖို့ အခုအစည်းအဝေးကို အလျင်အမြန် ခေါ်လိုက်ရတာပါ။ အခုအစည်းအဝေးက အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာ ကျင်းပခဲ့ တဲ့ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်” ဟု ခုခံချေပသည်။

ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Don Pramudwinnai နှင့် အာဏာသိမ်းခေါင်းဆောင်တို့ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက နေပြည်တော်၌ တွေ့ဆုံခဲ့စဉ်။

ပြည်တွင်းရေး အရေးကြီးနေချိန် ထိုင်းအိမ်စောင့်အစိုးရ၏ သံသယဖြစ်ဖွယ်လုပ်ရပ်

ထိုင်းအိမ်စောင့်အစိုးရက ထိုအစည်းအဝေးကို အဘယ်ကြောင့် အလောတကြီး စီစဉ်ခဲ့ပါသနည်း။ ဆွေးနွေးမည့်ခေါင်းစဉ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးကို ပြန်လည်တက်ရောက်ခွင့် ရရှိရေး၊ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အပြည့်အဝပြန်လည်ဆက်ဆံရေး ဆိုသည့်အချက်ဖြစ်နေပြီး၊ ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။

ထို့ပြင် ထိုင်းအိမ်စောင့်အစိုးရသည် လပိုင်းအတွင်း ရွေးကောက်ပွဲအနိုင်ရ အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးရတော့မည်ဖြစ်သည်။​ ထိုင်းနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးတွင် အလွန်အရေးကြီးသော အချိန်အခါ ဖြစ်နေပါလျက် မြန်မာ့အရေးတွင် ယခုကဲ့သို့ အချိန်ပေးကြိုးပမ်းနေခြင်းက စစ်ကောင်စီနှင့် ထိုင်းအိမ်စောင့်အစိုးရအကြား ကြီးကြီးမားမား အပေးအယူရှိထားပြီးပြီဆိုသည့် အရိပ်အယောင်ကို ပြသနေသည်။

ထိုအပေးအယူတွင် ထိုင်းဘက်က စစ်ကောင်စီထံမှ ရရှိမည့် အကျိုးအမြတ်များက အဘယ်နည်း။ စစ်ကောင်စီက အာဏာသိမ်းစစ်ဗိုလ်ချုပ်များ ဦးဆောင်နေ‌သော လက်ရှိ ထိုင်းအိမ်စောင့်အစိုးရကို အပြန်အလှန်အားဖြင့် မည်သည့်မက်လုံးများ ပေးထားပါသနည်း။

မကြာမီ ဖြစ်ပေါ်လာမည့် ထိုင်းနိုင်ငံ၏ အစိုးရအပြောင်းအလဲတွင် အနိုင်ရ ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်နေသော Move Forward Party ၏ ခေါင်းဆောင် ဖိထာလင်ဂျာရွန်ရတ်၏ မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်မည့် မူဝါဒကြေညာချက်သည် လက်ရှိအိမ်စောင့်အစိုးရ၏ မူဝါဒနှင့် ပြောင်းပြန်ဖြစ်နေပြီး စစ်ကောင်စီကို ဖိအားပေးရန် စီစဉ်ထားရာ မင်းအောင်လှိုင်အတွက် စိုးရိမ်စရာအခြေအနေပင်ဖြစ်သည်။

တစ်ပြိုင်နက်တည်းမှာပင် ထိုင်းအိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အာဏာသိမ်းဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ် ချန်အိုချာ၊ ဒု-ဝန်ကြီးချုပ်နှင့် အာဏာသိမ်းဗိုလ်ချုပ်ကြီးဟောင်း ပရာဝပ်တို့သည် Move Forward Party ၏ ရွေးကောက်ပွဲအောင်နိုင်မှုကိုပင် ဒီမိုကရေစီယဉ်ကျေးမှုအရ ဂုဏ်ပြုအသိအမှတ်ပြုခြင်း မရှိပေ။

ထိုအချက်က အစိုးရသစ်ဖွဲ့ရန် ပြင်ဆင်နေသော အနိုင်ရ ၈ ပါတီ ညွန့်ပေါင်းအဖွဲ့နှင့် အိမ်စောင့်အစိုးရ ခေါင်းဆောင်များအကြား ဆက်ဆံရေး အေးစက်တင်းမာနေပုံကို ထိုင်းအခြေစိုက် မီဒီယာများ၏ နေ့စဉ်ဖော်ပြချက်များတွင် တွေ့ရှိရသည်။

ရှုပ်ထွေးနေသော ထိုင်းနိုင်ငံရေးနှင့် အစိုးရအပြောင်းအလဲကို မြန်မာစစ်ခေါင်းဆောင်များ စိုးရိမ်တကြီး စောင့်ကြည့်နေမည်မှာ သေချာပါသည်။ ထို့ပြင် Move Forward Party ဦးဆောင်သည့် အစိုးရသစ်သည် အနောက်နိုင်ငံများ၏ အလိုကျ အစိုးရဖြစ်လာမည်ဟုလည်း မြန်မာစစ်ခေါင်းဆောင်များက စွပ်စွဲထားသည်။ ထိုအချက်ကို ထိုင်းအိမ်စောင့်အစိုးရခေါင်းဆောင်များ မသိရှိဘဲနေမည်မဟုတ်ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button