မေးမြန်းခန်း

“နိုင်ငံတည်ငြိမ်ဖို့ အမေ့ကို လွှတ်ပေးဖို့လိုတယ်” – အင်တာဗျူး

မိခင်ဖြစ်သူနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်၊ မြန်မာ့ဒီမိုကရေစီအရေးကို ကမ္ဘာက အာရုံစိုက်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခ) Dannian Kim Arundel Aris က တောင်းဆိုသည်။

စစ်ကောင်စီက ထောင် ၃၃ နှစ် ချပြီး နေပြည်တော်အချုပ်ထောင်တွင် ထားရှိသည့် မိခင်ဖြစ်သူအတွက် အင်္ဂလန်တွင် နေထိုင်သည့် ကိုထိန်လင်းက စိုးရိမ်ပူပန်နေသည်။ အသက် ၄၆ နှစ် ရှိပြီဖြစ်သည့် ကိုထိန်လင်းသည် မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံရေးလောကအတွင်း ခြေစုံပစ်ဝင်သွားသည့် မိခင်ဖြစ်သူကို ၁၉၈၈ နောက်ပိုင်း အကြိမ်အနည်းငယ်မျှသာ ခေတ္တတွေ့ဆုံခွင့်ရခဲ့သည်။

ကိုထိန်လင်းက Myanmar Now ၏ မေးမြန်းမှုများကို ဇွန်လပထမပတ်မှစ၍ စာ၊ တယ်လီဖုန်း၊ ရုပ်သံတို့မှတစ်ဆင့် သုံးကြိမ် ဖြေကြားခဲ့သည်များထဲမှ အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေတွေကို ဘာများသိထားပါသလဲ။

ကျွန်တော် ကြားမိသလောက်တော့ သူ့ကို တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့ ခွဲပြီး နေပြည်တော်အကျဉ်းထောင်တစ်နေရာရာမှာ သီးသန့်ထားထားတယ်လို့ သိရတယ်။ ပြီးတော့ နေပြည်တော်အချုပ်ထောင်ရဲ့ ထောင့်ဘက်က အဆောင်တစ်ခုမှာ ထားထားတယ်လို့တော့ သိထားတယ်။ အသေအချာတော့ မသိရပေမဲ့ သူတို့ (စစ်ကောင်စီ) ကတော့ သူမရဲ့ ကျန်းမာရေးကောင်းပါတယ်လို့ ပြောသော်ငြားလည်း တခြားနေရာက ကြားရတာကတော့ ကျန်းမာရေးသိပ်အဆင်မပြေဘူးလို့တော့ ကြားရတယ်။ ကျွန်တော်လည်း တခြားသူတွေလောက်တော့ သိပ်အများကြီး သိရတာ မရှိပါဘူး။

မေး – ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ ပြန်ထားမယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။ ဘာများသိထားပါသလဲ။

မသေချာသေးပေမဲ့ သူ အရင်နေခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်းက အိမ်ကိုတော့ ပြန်လည်ရှင်းလင်းနေပြီး ရွှေ့ပြောင်းဖို့ အခြေအနေတွေရှိနေတယ်လို့ ကောလာဟလအနေနဲ့ သိထားပါတယ်။ မြန်မာစစ်တပ်ကတော့ ဒီလိုအခြေအနေတွေကို လူအများသိအောင် အတိအကျ ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အမေနဲ့တော့ စစ်ကောင်စီတာဝန်ရှိသူတွေ မဖြစ်မနေ တွေ့ဆုံမှာပါ။

မေး – ခင်ဗျားရဲ့မိခင်ဖြစ်သူကို စစ်ကောင်စီက ပုဒ်မ ၁၉ ခုနဲ့ စွပ်စွဲပြီး ထောင် ၃၃ နှစ် ချထားတာနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ရှင်းရှင်းလင်းလင်း‌ ပြောလို့ရတာကတော့ ဒီစွဲဆိုချက်တွေအားလုံးဟာ မမှန်မကန်စွပ်စွဲထားတဲ့ စွဲဆိုချက်တွေပါ။ သူ့ရဲ့ တရားခွင်မှာ တရားမျှတတဲ့အခြေအနေ မရှိတဲ့အတွက် ကျွန်တော့်အနေတဲ့ ဒါတွေကို အရေးကြီးတယ်လို့တောင် မယူဆပါဘူး။ နောက်ပြီး ဒီတရားစီရင်ချက်တွေကို “Mickey Mouse Job” (အရေးမပါ၊ တန်ဖိုးမရှိတဲ့ တရားစွဲဆိုမှု) လို့တောင် ခေါ်နိုင်တဲ့ အခြေအနေပါ။ ကျွန်တော့်အနေနဲ့ ဒီကပေါက်တိ ကပေါက်ချာနိုင်တဲ့ စွပ်စွဲချက်တွေကို ဘယ်လိုပြောရမှန်းတောင် မသိပါဘူး။ (မမှန်မကန်စွပ်စွဲတဲ့) စစ်ခေါင်းဆောင်ကိုယ်တိုင်က သူ့ကိုယ်သူ ဗုဒ္ဒဘာသာဝင်စစ်စစ် ဘာသာရေးကိုင်းရှိုင်းသူလို့ ပြောပြီး ဘုန်းကြီးအခေါင်းထမ်းတာမျိုးတွေသာ လုပ်နေတာပါ။ ဒါပေမဲ့ ဘယ်သူကမှ သူဒါတွေ လုပ်ပြနေလို့ ဘာသာရေးကိုင်းရှိုင်းသူလို့ ယုံမှာမဟုတ်ပါဘူး။ သူ့ကို ပြောပေးနေတဲ့ သူ့ဘေးနားက ဘုန်းကြီးတွေဆိုတာကလည်း စစ်ဗိုလ်ချုပ်တွေဆီကနေ အလှူငွေတွေ ရယူပြီး ဘုန်းကြီးကျောင်းကြီးတွေနဲ့၊ သူဌေးတွေနေသလို နေပြနေတဲ့ ဘုန်းကြီးတွေပါ။

၂၀၂၀ ဇန်နဝါရီက မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်၌ တွေ့ရစဉ်။ ဓာတ်ပုံ – EPA

မေး – မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာတုံ့ပြန်မှုတွေအပေါ် ဘာများပြောချင်ပါသလဲ။

နိုင်ငံတကာအစိုးရတွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ဖို့ အများကြီးပျက်ကွက်နေတာ အသိသာကြီးပါ။ မြန်မာစစ်တပ်အတွက် လက်နက်တွေနဲ့ လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ အခြေအနေတွေကို အရေးယူဖြတ်တောက်ဖို့ လိုအပ်နေတာပါ။ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို လက်နက်ထောက်ပံ့ပေးမှ မဟုတ်ပါဘူး၊ လက်ရှိ အခြေခံလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေကို အမြန်ဆုံး ပေးသင့်တာပါ။ ကျွန်တော့်တစ်ဦးတည်းအနေနဲ့တော့ တစ်ဦးနဲ့တစ်ဦး ပစ်ခတ်တာမျိုးကို သဘောမတူတဲ့အတွက် မြန်မာလူထုအတွက် လက်နက်ပေးပြီး တိုက်ခိုက်တာမျိုးတော့ ကျွန်တော် မလိုလားပါဘူး။ လူသားချင်းစာနာထောက်ထားတဲ့ အထောက်အပံ့မျိုးတွေဆိုရင်လည်း လတ်တလော ဖြစ်ပေါ်သွားတဲ့ မုန်တိုင်းကနေ ထိခိုက်သွားတဲ့ ပြည်သူတွေက အကူအညီတွေ အများအပြားလိုအပ်နေတာပါ။

လက်ရှိ အဲဒီမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို (ထင်ဟပ်တဲ့) သတင်းတွေ သိပ်မရှိနေပါဘူး။ မကြာမီသေးက အိန္ဒိယကိုလည်း မုန်တိုင်းတိုက်သွားတဲ့ဖြစ်ရပ်တွေက နိုင်ငံတကာသတင်းတွေမှာ အများအပြား တက်လာပါသေးတယ်။ မြန်မာနဲ့ ပတ်သက်ပြီး သတင်းတွေ ဘာကြောင့်တက်မလာတာလဲဆိုတာ မေးစရာပါ။ ဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း မြန်မာပြည်သူတွေကို တိုက်ရိုက်အကူအညီပေးနေတဲ့ အဖွဲ့အစည်းနဲ့သာ လုပ်ကိုင်သင့်ပြီး စစ်ကောင်စီနဲ့တော့ မလုပ်သင့်တော့ပါဘူး။

အထူးသဖြင့် (စစ်အာဏာသိမ်းထားတဲ့) မြန်မာနိုင်ငံကို အပယ်ခံနိုင်ငံအဖြစ် သတ်မှတ်ထားတဲ့ ဗြိတိန်အစိုးရနဲ့ အခြားနိုင်ငံတွေက သံတမန်တွေအားလုံး မြန်မာနိုင်ငံကနေ ထွက်ခွာပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ တောင်းဆိုလိုပါတယ်။

လူထုကြားတွင် အထူးရေပန်းစားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံလွှာများကို ရန်ကုန်မြို့ ရွှေဂုံတိုင် တံဆိပ်ရိုက်ဆိုင်တစ်ခုတွင် ၂၀၂၀ က တွေ့ရစဉ်။ ဓာတ်ပုံ – EPA

မေး – မိခင်ဖြစ်သူနဲ့ သူချစ်တဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာများမှတ်ချက်ပေးလိုပါသလဲ။

ကျွန်တော့်အမေနဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ စစ်ဖြစ်ပွားနေမှုကို ရပ်တန့်၊ ညှိနှိုင်းဆွေးနွေးပြီး ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာလွှဲပေးဖို့ မြန်မာစစ်တပ်ကို တောင်းဆိုလိုပါတယ်။

နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပထမဦးဆုံးအဆင့်က ကျွန်တော့်အမေကို လွှတ်ပေးဖို့ပဲ ဖြစ်ကြောင်း မြန်မာစစ်တပ်က သဘောပေါက်သင့်ပါတယ်။

အလွန်သိမ်မွေ့ပြီး ရှုပ်ထွေးပွေလီတဲ့ အခြေအနေမှာ ပြည်သူလူထုအားလုံးကို စည်းလုံးညီညွတ်စွာ ပေါင်းစည်းနိုင်ရေးအတွက် ကျွန်တော့်ရဲ့ အဖိုး (ဗိုလ်ချုပ်အောင်ဆန်း) ပြီးရင် ကျန်ရှိတဲ့ တစ်ဦးတည်းသော သူဟာ ကျွန်တော့်အမေသာလျှင် ဖြစ်တယ်ဆိုတာကို ကမ္ဘာတစ်ဝန်းရှိလူများ သိရှိနားလည်စေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။

မေး – ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်မြောက် မွေးနေ့နဲ့ ပတ်သက်ပြီး ဘာများပြောကြားလိုပါသလဲ။

နောက်နှစ် ဒီအချိန်ရောက်ရင် အမေ့ကို ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ဒီလိုမျှော်လင့်ချက်မျိုးကို ကျွန်တော်ထုတ်ဖော်ပြသတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အခုအချိန်မှာတော့ ကျွန်တော့်အတွေးတွေက သူနဲ့အတူရှိနေတယ်ဆိုတာ သူသိဖို့ပဲ မျှော်လင့်မိပါတယ်။

၂၀၁၈ ခုနှစ် ဇွန် ၁၉ ရက်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်း ပြုလုပ်သည့် အသက် ၇၃ နှစ်ပြည့် မွေးနေ့တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ- EPA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button