ဖမ်းဆီးခံထားရဆဲ ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ် စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်၏ညီ ကိုစည်သူကျော်ဇံ (ခ) ကျော်ဇောကို တောင်ကုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တနင်္လာနေ့က အမှုဖွင့်လိုက်သည်။
ကိုစည်သူကျော်ဇံ၏ အစ်ကို တောင်ကုတ်မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်ကို ပြီးခဲ့သည့် မေ ၉ တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) ဖြင့် အမှုဖွင့်ထားပြီးနောက် နှစ်ပတ်အကြာတွင် ၎င်းပါ ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်။
ကိုစည်သူကျော်ဇံမှာ တနင်္လာ နေ့လယ် ၁၂ နာရီခန့်က တောင်ကုတ်ရှိ ၎င်း၏ နေအိမ်တွင်ရှိနေစဉ် တောင်ကုတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်ဆေးစရာရှိသည်ဟု ဆိုကာ လာရောက်ခေါ်ဆောင်သွားသွားပြီး ၎င်း၏ လက်ကိုင်ဖုန်းများကိုပါ သိမ်းဆည်းသွားသည်ဟု ကိုစည်သူကျော်ဇံ၏ ညီ ကိုရဲအောင်ပြည်က ပြောသည်။
ကိုစည်သူကျော်ဇံကို တောင်ကုတ်မြို့နယ် ပေါက်ပြင်ရွာအတွင်းဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်တစ်ခုနှင့်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခြင်းဖြစ်သည်ဟု ကိုရဲအောင်ပြည်က ပြောသည်။
“ဗုံးပေါက်တဲ့နေရာကလည်း အဝေးကြီးမှာလို့သိရတယ်။ ဒါဟာ မတရားစွဲဆိုပြီးတော့ ထိန်းသိမ်းတယ်လို့ပဲ သဘောပေါက်တယ်” ဟု ကိုရဲအောင်ပြည်က ပြောသည်။
နာရီအနည်းငယ်အကြာစစ်ဆေးပြီးနောက် အနည်းဆုံး ထောင်ဒဏ်ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ကျခံရနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ဈ) အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုဆိုင်ရာပြစ်မှုဖြင့် အမှုဖွင့်လိုက်ပြီး တောင်ကုတ်မြို့နယ်တရားရုံးတွင် ချုပ်ရမန်ရယူခဲ့သည်။ လက်ရှိတွင် တောင်ကုတ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဇွန် ၄ ရက်တွင် ရမန်ပြည့်မည်ဟု ကိုရဲအောင်ပြည်က ပြောသည်။
ဖမ်းဆီးထားသူတွေနဲ့အဆက်အသွယ်မရသေး
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)ဖြင့် ဦးဇေယျကျော်အပါအဝင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဝေသောင်းနှင့် စည်ပင်ဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့သုံးဦးကို မေ ၁၁ ကတည်းက အမှုဖွင့်ပြီး တောင်ကုတ်တရားရုံးတွင် ချုပ်ရမန် နှစ်ပတ်ယူထားခဲ့သော်လည်း ရမန်ပြည့်သည့်ရက်က မိသားစုဝင်များက တရားရုံးသို့ သွားရောက်သည့်အခါ မေ ၂၄ ကတည်းက လွှတ်ပေးလိုက်ကြောင်း တောင်ကုတ်မြို့နယ်တရားရုံးနှင့် ရဲစခန်းက ပြောသည်ဟု အဆိုပါအမှုတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ကိုရာဇာထွန်းက ပြောသည်။
သို့သော် ၎င်းတို့ကို အခြားပုဒ်မ တစ်ခုနှင့် ဆက်လက်စစ်ဆေးနေသည်ဟုသာ သိရပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရသေးကြောင်း မိသားစုဝင်များကို ကိုးကားပြီး ကိုရာဇာထွန်းက ဆိုသည်။
အဆိုပါအခြေအနေများနှင့် ပတ်သက်၍ တောင်ကုတ်မြို့နယ်ရစခန်းမှ စခန်းမှူးဒုရဲမှူးလှတင့်ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
လတ်တလောတွင် ဦးဇေယျကျော်၊ ဦစန်းငွေနှင့် ဦးဝေသောင်းတို့ သုံးဦးအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစုဝင်များနှင့်အတူ ဆက်လက်စုံစမ်းနေသည်ဟု အဆိုပါအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများက ပြောသည်။