သတင်း

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လေတပ်အရာရှိနှစ်ဦးသေဆုံး

ယမန်နေ့ (ဇွန် ၁၅) က နေပြည်တော်အနီး လေကျင့်ရေးရဟတ်ယာဉ်တစ်စီး ပျက်ကျရာ၌ လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတစ်ဦး သေဆုံးသွားသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

စစ်ရဟတ်ယာဉ်မှာ စက်ချို့ယွင်းမှုကြောင့် လယ်ဝေးမြို့နယ် လယ်ဒါကြီးရွာ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာ၌ ပြုတ်ကျခြင်းဖြစ်သည်ဟု ဆိုသော်လည်း အသေးစိတ်မသိရပေ။ ထို့ပြင် သေဆုံးသည့် လေတပ်အရာရှိနှစ်ဦးမှာ မည်သည့်ရာထူးအဆင့်ရှိသူများဖြစ်သည်ဟုလည်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ပျက်ကျသည့် ရဟတ်ယာဉ်မှာ H120 အမျိုးအစားဖြစ်ပြီး သေဆုံးခဲ့သော လေတပ်အရာရှိနှစ်ဦးမှာ နည်းပြဖြစ်သူ ဗိုလ်မှူးမင်းသူအောင်နှင့် သင်တန်းသူ အမျိုးသမီးအရာရှိဖြစ်သည်ဟု Khit Thit သတင်းဌာနက ရဟတ်ယာဉ်ပျက်ကျရာမှ အပျက်အစီးဓာတ်ပုံများနှင့်တကွ ရေးသားဖော်ပြသည်။

အဆိုပါ H120 အမျိုးအစား ရဟတ်ယာဉ်မှာ နာမည်ကျော် Airbus ကုမ္ပဏီထုတ်ဖြစ်ပြီး စစ်တပ်သုံးအနေဖြင့် မဟုတ်ဘဲ အရပ်ဘက်သုံးဟု အကြောင်းပြဝယ်ယူထားခြင်းဖြစ်သည်ဟု စစ်အာဏာသိမ်းမှုကြောင့် စစ်တပ်ကို စွန့်ခွာခဲ့သူ လေတပ်တပ်ကြပ်ကြီး ဇေယျက ပြောသည်။

“၂၀၁၆ -၁၇ လောက်မှာ လေးစီး ပထမအသုတ်ရောက်တယ်ပေါ့နော်။ ဩစတြီးယားသူဌေးတစ်​ယောက်နဲ့ ဒူဘိုင်းသူဌေးတစ်ယောက်ဆီကနေ ဝယ်တာ။ သူဌေးတွေဆီကနေ ပါစင်နယ်ပုံစံမျိုးနဲ့ ပြန်ဝယ်တာပေါ့နော်။ တစ်စီးချင်းစီ ဝယ်တာပေါ့။ တစ်စီးချင်းစီရဲ့ တန်ဖိုးတွေ မတူသလို တစ်စီးချင်းစီ အထဲမှာ တပ်ထားတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ ကွဲပြားမှုရှိတယ်”

နာမည်ကျော် Eurocopter အမျိုးအစားအုပ်စုတွင် H120၊ H125 နှင့် H130 မျိုးကွဲသုံးခုရှိသည့်အနက် မြန်မာနိုင်ငံတွင် H120 လေးစီးနှင့် H125 အမျိုးအစား နှစ်စီးရှိကြောင်း၊​ နေပြည်တော်၊ မိတ္ထီလာနှင့် မကွေးလေတပ်တို့တွင် နှစ်စီးစီ တပ်စွဲထားကြောင်းလည်း လေတပ်၌ ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြီးဇေယျက ပြောသည်။​

အရပ်ဘက်သုံးအနေဖြင့် လိမ်လည်ဝယ်ယူထားခြင်းဖြစ်သည့်အတွက် အဆိုပါ ရဟတ်ယာဉ်များအတွက် သင်တန်းလွှတ်ရာ၌ စစ်တပ်ဟု မသိစေဘဲ အရပ်ဘက်ကုမ္ပဏီဝန်ထမ်းအနေဖြင့် စေလွှတ်ခဲ့ပြီး သက်ဆိုင်ရာကုမ္ပဏီထံမှ တိုက်ရိုက်ဝယ်ယူခြင်း မဟုတ်သည့်အတွက် ပြင်ဆင်ထိန်းသိမ်းရာတွင်လည်း ခက်ခဲသည်ဟု သိရသည်။

လေကျင့်ရေးရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ “လက်ရှိကတော့ ပိုင်းလော့ကောင်မလေးတွေကို လေ့ကျင့်ပေးနေတာပေါ့။ သူတို့ရဲ့ လုပ်ဆောင်ချက်အမှားကြောင့်လည်း ဖြစ်နိုင်သလို ရာသီဥတုကြောင့်လည်း ဖြစ်နိုင်တာပေါ့” ဟု လေတပ်တပ်ကြပ်ကြီးဟောင်းက ဆိုသည်။

မြန်မာစစ်တပ်၏ ထုတ်ပြန်ချက်များအရ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ၆၉ နှစ်မြောက် လေတပ်မတော်နေ့တွင် စစ်လေယာဉ်အများအပြား တပ်တော်ဝင်ခဲ့ရာ၌ H120 အမျိုးအစား ရဟတ်ယာဉ်လေးစီးလည်း ပါဝင်ခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက လေတပ်အခမ်းအနားတွင် တွေ့ရသည့် H120 အမျိုးအစား ရဟတ်ယာဉ်အချို့။ (ဓာတ်ပုံ – မြန်မာစစ်တပ်)

လေတပ်အရာရှိနှစ်ဦး သေဆုံးခဲ့သည့် ယမန်နေ့က ရဟတ်ယာဉ်ကျမှုမှာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလေတပ်၏ တတိယမြောက် မတော်တဆမှုဖြစ်ကာ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျမှုများအတွင်း လူအများအပြား သေဆုံးခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လအတွင်းက မန္တလေးတိုင်း ပြင်ဦးလွင်မြို့အနီး စစ်တပ်အထူးလေယာဉ်တစ်စီး ပျက်ကျစဉ် သံဃာအချို့နှင့် လေတပ်အရာရှိ ၆ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တံတားဦးလေဆိပ်မှ ပျံတက်လာသည့် A-5 အမျိုးအစား တိုက်လေယာဉ် စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်းအတွင်း ပျက်ကျကာ လေတပ်အရာရှိ သေဆုံးခဲ့သည်။

ထိုမတော်တဆမှုများအပြင် အာဏာသိမ်းပြီးစ၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေစဉ် ၂၀၂၁ မေလဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့အနီး စစ်ရဟတ်ယာဉ်တစ်စီး ပစ်ချခံရကာ လေတပ်အရာရှိ သုံးဦး သေဆုံးခဲ့သည်။

လွန်ခဲ့သည့်နှစ်များတွင်လည်း စစ်လေယာဉ်ပျက်ကျမှုများ နှစ်စဉ်နီးပါး ပေါက်ခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီလ၌ တောင်ငူမြို့အနီးတွင် F7 လေယာဉ် ပျက်ကျ၍ လေယာဉ်မှူးသေဆုံးခဲ့ပြီး အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် မကွေးတိုင်းအတွင်း ထိုအမျိုးအစား တိုက်လေယာဉ်သုံးစင်း ပျက်ပြီး လေယာဉ်မှူးများ အပါအဝင် မြေပြင်၌ လေယာဉ်အစိတ်အပိုင်းများ ထိမှန်မှုကြောင့် ကလေးတစ်ဦးပါ သေဆုံးခဲ့ရသည်။

၂၀၁၇ ခုနှစ်တွင်လည်း နှစ်ကြိမ်တိုင် ရှိခဲ့ကာ စက်တင်ဘာလအတွင်း ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်၌ လေ့ကျင့်ရေးလေယာဉ်ပျက်ကျရာ ထိခိုက်သေဆုံး အတိအကျ မသိခဲ့ရသော်လည်း ထိုနှစ် ဇွန်လ၌ မြိတ်မြို့မှ ရန်ကုန်သို့ ပျံသန်းလာသည့် Y-8 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျရာ၌ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။​

ယင်းမတိုင်မီ ၂၀၁၆ ခုနှစ်အတွင်းကလည်း နေပြည်တော်လေဆိပ်အနီး Beech1900 D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျ၍ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးနှစ်ဦးနှင့် ဒုတပ်ကြပ်နှစ်ဦး စုစုပေါင်း လေတပ်အရာရှိ ၅ ဦး သေဆုံးခဲ့သည်။

နှစ်စဉ်နီးပါး လေယာဉ်မတော်တဆမှုများ ဖြစ်ပေါ်နေသော်လည်း ခေတ်မီ စတုတ္ထမျိုးဆက် တိုက်လေယာဉ်အများအထိ ပြည်တွင်း၌ပင် ပုံမှန်စစ်ဆေး ပြုပြင်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက လေတပ်အခမ်းအနားတစ်ခုတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

လေယာဉ်နှင့် အင်ဂျင် ပြင်ဆင်ရေးအလုပ်ရုံများအပြင် အစိတ်အပိုင်းထုတ်လုပ်ရေးအလုပ်ရုံများအထိ ဖြည့်ဆည်းတပ်ဆင်ပေးထားသည်ဟု ဆိုသည်။

ကမ္ဘာတစ်ဝန်း လေတပ်များရှိ စစ်လေယာဉ်များအကြောင်း မှတ်တမ်းပြုစုနေသည့် WDMMA ၏ ယခုနှစ် ထုတ်ပြန်ချက်အရ မြန်မာလေတပ်တွင် လေယာဉ်မျိုးစုံ ၂၉၂ စီးအထိ ရှိသော်လည်း အရန်သင့်အနေအထားဖြင့် အသုံးပြုနိုင်သည့် အရေအတွက်မှာ ၁၄၆ စီးဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်ထိ မြန်မာစစ်တပ်သည် စစ်လေယာဉ်များ အပါအဝင် စစ်လက်နက်ပစ္စည်းမျိုးစုံ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ဖိုး ဝယ်ယူတင်သွင်းခဲ့ပြီး ရုရှားနှင့် တရုတ်မှ အများဆုံးဖြစ်သည်ဟု လွန်ခဲ့သည့် မေလတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးအရာရှိ Tom Andrews က ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း စစ်ကောင်စီက ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် နောက်ဆုံးပေါ် Su-30 အမျိုးအစား ဘက်စုံသုံး တိုက်လေယာဉ်နှင့် ရေငုပ်သင်္ဘောဖျက် Ka-28 အမျိုးအစား ရဟတ်ယာဉ်များ တပ်တော်ဝင်စေခဲ့သည်။

ခေတ်မီ စစ်လေယာဉ်များ ရှိလာသောကြောင့် မြန်မာစစ်တပ်အနေဖြင့် ဝေဟင်၊ မြေပြင်သာမက ရေပြင်နှင့် ရေအောက်အထိပါ မဟာဗျူဟာမြောက် စစ်ဆင်နိုင်ပြီဖြစ်ကြောင်းလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက လေတပ် တပ်တော်ဝင်အခမ်းအနားတွင် စစ်ခေါင်းဆောင်က ထုတ်ဖော် ပြောဆိုခဲ့သည်။

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင် ခုခံတော်လှန်မှုများကို ရင်ဆိုင်နေရချိန် မြေပြင်စစ်ကြောင်းများ အထိနာလာသဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို အဆမတန် အသုံးပြုလာပြီး အရပ်သားများကိုပါမချန် ဗုံးကြဲတိုက်ခိုက်နေသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအနက် အဆိုးရွားဆုံးအဖြစ်အပျက်နှစ်ခုမှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလနှင့် ယခုနှစ် ဧပြီလတွင် ဖြစ်ပွားခဲ့သည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသတွင် ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီက ညအချိန် တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ၌ လူစုလူဝေးပြုလုပ်နေစဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော်အထိ သေဆုံးခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button