မိုင်းပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦးဒဏ်ရာရသွားပြီး တစ်ဦး ညာဘက်ခြေသလုံး ပြတ်သွားသည့် ဖြစ်စဉ်တစ်ခု လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သည်။
ဒဏ်ရာရသွားသူနှစ်ဦးစလုံးမှာ ကံသစ်ရွာမှဖြစ်ပြီး ဝါးခုတ်သွားသူတစ်ဦး မိုင်းကွဲ၍ဒဏ်ရာရသည့်သတင်းကြောင့် နောက်မှလိုက်ပါသွားရောက်ကြည့်ရှုသူများထဲမှ နောက်တစ်ဦး ပထမဖြစ်သည့်နေရာအနီးမှာပင် မိုင်းတစ်လုံး ထပ်မံနင်းမိကာ ဒဏ်ရာထပ်ရခြင်းဖြစ်သည်။
ပထမပေါက်ကွဲမှုမှာ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က ရွာအနောက်ဘက်ရှိ မင်းမတောင်တန်းတွင် ဖြစ်ပွားခဲ့ပြီး ဦးဌေးအောင်ဆိုသူ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ နောက်ထပ်နာရီဝက်အကြာတွင် သွားရောက်ကြည့်ရှုရန် သွားသူများအနက် ဦးဝေဇံအောင်ဆိုသူပါ ထပ်မံဒဏ်ရာရခဲ့ကြောင်း ၎င်းနှင့်အတူပါသွားသည့် ကံသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင်က Myanmar Now ကိုပြောသည်။
ဦးဝေဇံအောင်မှာ ညာဘက် ခြေသလုံးပြတ်သွားကြောင်း၊ လုံခြုံရေးအခြေအနေကြောင့် ဒဏ်ရာရသူ နှစ်ဦးလုံးကို ညနေ ၅ နာရီခန့်မှသာ ပုဏ္ဏားကျွန်းဆေးရုံသို့ ပို့ပေးနိုင်ခဲ့ကြောင်း ဦးတင်ထွန်းအောင်က ဆိုသည်။
“အနီးအနားမှာလည်း မိုင်းတွေရှိဦးမလားမသိဘူးဆိုပြီး သိပ်မလှုပ်ရှားရဲလို့ အဲဒီအနီးအနားမှာပဲ တော်တော်ကြာသွားတယ်” ဟု ၎င်းက ပြောသည်။
ယခုမိုင်းပေါက်ကွဲသည့် နေရာတွင် လွန်ခဲ့သည့် ၆ လခန့်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း လက်နက်ကိုင် တစ်ဖွဲ့ဖွဲ့က မိုင်းထောင်ထားခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်သည်။
ပုဏ္ဏားကျွန်းမြို့နှင့် မိုင် ၂၀ အကွာရှိ ၎င်းတို့ကံသစ်ရွာအနီး တိုက်ပွဲမဖြစ်သည်မှာ လအတော်ကြာပြီဟု ဦးတင်ထွန်းအောင်ကပြောသည်။
ထိုနေ့တစ်ရက်တည်းမှာပင် မြောက်ဦးမြို့နယ်တွင်လည်း ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းတစ်ခု ဝင်လာပြီး သက်ကြီးပိုင်းအမျိုးသားနှစ်ဦးကို “လမ်းပြ” ခိုင်းရန်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း ရွာသားများက ပြောသည်။
မနက်အစောပိုင်းတွင် ဝေသာလီရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာကာ ရွာသူရွာသား ၁၀ ယောက်ကျော်ခန့်ကို ကျေးရွာစာသင်ကျောင်းအတွင်း စစ်ဆေးမေးမြန်းပြီးနောက် အသက် ၇၇ နှစ်ရှိ ဦးမှဲ့နီနှင့် အသက် ၅၅ နှစ်ရှိ ဦးမောင်စိုးတင်တို့ကို ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများကပြောသည်။
ရွာမြောက်ဘက်ရှိ တပင်တိုင်ခွစုံရွာအနီးတွင် မနက် ၃ နာရီခန့်က သေနတ်ပစ်ခတ်သံများကို ကြားရပြီး နာရီအနည်းငယ်အကြာတွင် ရွာအတွင်းသို့ တပ်မတော်စစ်ကြောင်း ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ တနင်္လာနေ့ နေ့လယ်ပိုင်းအထိ ပြန်ရောက်မလာသည့်အတွက် စိုးရိမ်နေကြသည်ဟု ဦးမှဲ့နီ၏ သမီး ဒေါ်မတင်ဝင်းက ပြောသည်။
“ ‘ဘာမှမလုပ်ဘူး၊ လမ်းပြနည်းနည်းခေါ်သွားတာ’ ဆိုပြီး ပြန်မလွှတ်ဘူး။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ပီပင်ရင်းစစ်ရှောင်စခန်းတွင်နေသည့် ၎င်းက ပြောသည်။
မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်ကလည်း ဝေသာလီရွာသား နှစ်ဦး ခေါ်ဆောင်ခံသွားရသည့်သတင်းကို ကြားသည်ဟုပြောသည်။
ရွာအတွင်းသို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့ဝင်များလာမလာကို အဓိကမေးမြန်းကြောင်း၊ ရွာသားများကို တပ်မတော်က ဖမ်းဆီးရိုက်နှက်မေးမြန်းခြင်းမရှိဟု ရေးသားထားသည့်စာတွင် ရွာသားများကို လက်မှတ်ရေးထိုးခိုင်းကြောင်း စစ်မေးခံရသည့်အထဲတွင်ပါသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်သီတင်းပတ်ကလည်း ဝေသာလီရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခုဝင်ရောက်လာပြီး ရွာသားများအား စစ်မေးခဲ့သေးသည်ဟု ရွာခံများက ပြောသည်။
ဧပြီလကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာသားတချို့ကို တပ်မတော်က ဖမ်းဆီးကာ AA အဖွဲ့ဝင်ဖြစ်ကြောင်းစွပ်စွဲပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်။
မေ ၁၀ ရက်မှစတင်သည့် တပ်မတော်၏ ရက်ပေါင်း ၁၀၀ ကျော်ကြာမြင့်မည့် အပစ်အခတ်ရပ်စဲရေး ကြေညာချက်တွင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် AA အဖွဲ့လှုပ်ရှားရာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့မပါဝင်ပေ။
ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် လက်နက်ကိုင်ပဋိပက္ခများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် ရန်ကုန်အခြေစိုက် Burma Monitor အဖွဲ့၏ အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီမှ ဧပြီအထိ လေးလအတွင်း ရခိုင်နှင့်ချင်းပြည်နယ်တွင် တိုက်ပွဲပေါင်း ၂၇၀ ကျော်ဖြစ်ပွားခဲ့ပြီး အရပ်သား ၉၄ ဦးသေဆုံးကာ ၂၈၀ ဒဏ်ရာရခဲ့သည်။